ချီမွမ်းခြင်းဟူသည် ဘုရားသခင် ကောင်းမြတ်ခြင်းကို မြွတ်ဆိုခြင်းဖြစ်ပြီး၊ ကိုးကွယ်ခြင်းဟူသည် ရိုသေလေးစားမှုနှင့် ယှဉ်သော ဘုရားသခင်အား ပြပ်ဝပ်ခြင်းပင်ဖြစ်သည်။ ကိုးကွယ်ခြင်းဟူသော အဓိပ္ပါယ်လေးနက်မှုကို အားဗြဟံ၏ အသက်တာနှင့် သူ၏ စကားကို လေ့လာခြင်းအားဖြင့်ပေါ်လွင် ထင်ရှားနေပါသည်။
“ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား၍ ကိုးကွယ်ခြင်းကိုပြုအံ့” ဟေဗြဲဘာသာစကားအရ shachah ဟူသည် “To Prostrate in homage to God” ဘုရားသခင်အား ပြပ်ဝပ် ဝပ်တွားကိုးကွယ်ခြင်းဟူ၍ နားလည်ရပါသည်။ အာဗြဟံ၏ အသက်တာ (များလှသော အဖြစ်အပျက်များ) တွင် ကျွနု်ပ်တို့အဖို့ ကိုးကွယ်ခြင်းနည်းများကို အောက်ပါအတိုင်း ရယူနိုင်ပါသည်။၁။ ဘုရားသခင်၏ မိန့်မှာချက်။
ချီးမွမ်းကိုးကွယ်ခြင်းဟူသည် ကျွနု်ပ်တို့ ဆန္ဒအတိုင်း လုပ်လိုကလုပ် မလုပ်လိုကမလုပ် နေ၍ရသော သဘောမဟုတ်သလို၊ အကြံပြုချက်လည်းမဟုတ် ဘုရားသခင်၏ မိန့်မှာချက်ပင်ဖြစ်သည်။
နှုတ်တော်ထွက်က “ထာဝရဘုရားသခင်အား ချီးမွမ်းကိုးကွယ်ကြလော” ဆိုသော စကားသည် ခြွင်းချက်မရှိသော မိန့်မှာချက်ဖြစ်ပြီး ယုံကြည်သူ ဘုရားသခင်၏ သားသမီးတိုင်းတို့သည် ဘုရားသခင်အား ချီးမွမ်းသောသူ ကိုးကွယ်သောသူဖြစ်ရန် ဘုရားသခင် အလိုတော်ရှိကြောင်း လွန်စွာသိမှတ်သင့်သည်။
၂။ အာဗြဟံ၏ နာခံခြင်း။
ဘုရားသခင်နှင့် အာဗြဟံအကြားထားရှိသော ပဋိညာဉ်အတွက် နာခံခြင်းသည် မရှိမဖြစ် လိုအပ်လှသည်။ ထိုပဋိညာဉ်အတွက် တောင်းဆိုမှုသည်ကား အာဗြဟံအတွက် လုံးလုံး အပ်နှံခြင်းနှင့် အကြွမ်းမဲ့ နာခံခြင်းပင်ဖြစ်သည်။
အာဗြဟံ၏ တည်ကြည်သော သစ္စာတရားအား ဘုရားသခင်သည် စမ်းသပ်လိုသော အားဖြင့် တောင်းဆိုသော ယဇ်ပူဇော်ခြင်းကား သူ၏ အမြတ်နိုးဆုံးဖြစ်သော သားဣဇက်ပင်ဖြစ်သည်။ သားဣဇက်သည် ကတိတော်နှင့် ယှဉ်သော သားဖြစ်သော်လည်း အာဗြဟံသည် နာခံရန် အသင့်ရှိခဲ့လေသည်။
၃။ အဖိုးအခနှင့် ယှဉ်ခြင်း။
စစ်မှန်လေးနက်သော ကိုးကွယ်ခြင်းအတွက် အာဗြဟံသည် အကောင်အထည်ဖေါ် အထမြောက်ရန်မှာ သူ၏ အကြီးမားဆုံးသော သားရတနာအား လှူဒါန်း ပူဇော်ရန်ပင်ဖြစ်သည်။
ဟေဗြဲ ၁၃း၁၅ ၌ “ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်ရှေ့၌ အစဉ်မပြတ် ပူဇော်ကြကုန်အံ့” ဆိုသည့်အတိုင်း၊ ကိုးကွယ်ခြင်းဟူသည် (သို့) ကိုးကွယ်ခြင်း အသက်တာဟူသည် ကျွနု်ပ်တို့၏ ဘဝနှင့် ကျွနု်ပ်တို့၌ရှိသော အရားအားလုံးတို့ကိုလည်း တောင်းဆိုထားပေသည်( ရော၊ ၁၂း၁-၂)။ ၄င်းအတွက် လုံးလုံးအပ်နှံမှုသည် အရေးပါးကြောင်း ဒါ၀ိဒ်မင်းသည် ကောင်းစွာသဘောပေါက်ခဲ့သဖြင့် “ကိုယ့်ငွေ (အဖိုးအခ) မကုန်ပဲ ငါ၏ ဘုရားသခင် ထာဝရ ဘုရားအား မီးရှို့ရာ ယဇ်ကို ငါမပူဇော်လို” “ Shall I offer to God that which cost me nothing?” ဟူ၍ ၂ ရာ၊ ၂၄း၂၄ တွင် ဆိုခဲ့မှုမှာ အတုယူစရာ စံနှုန်းပင်ဖြစ်သည်။
၄။ ယုံကြည်စွာ ကိုးကွယ်ခြင်း။
အာဗြဟံ၏ တစ်ခုခြင်းစီသော အမှုတို့သည် ယုံကြည်ခြင်းနှင့် ဆိုင်သော ခြေလှမ်းများပင်ဖြစ်လေသည်။ မောရတောင်သို့ ချီတက်ရင်း ဘုရားသခင်တောင်းဆိုသော သားသြရတ္တအား ယဇ်ပူဇော်ရန် အသင့် ရှိနေသည့်နည်းတူ တစ်နည်းနည်းအားဖြင့် သူနှင့် သူ၏သား ဣဇက်တို့သည် မောရတောင်ပေါ်မှ ပြန်ဆင်းလာရမည်ကို ယုံကြည်ထားသူဖြစ်သည် ( က၊ ၂း၂-၅၊ ဟေဗြဲ၊ ၁၁း၁၉)။ We will go and we will come back ဟူ၍ သုံးထားသော စကား (NIV) အားဖြင့် အာဗြဟံသည် ယုံကြည်ခြင်းနှင့် ယှဉ်သော ကိုးကွယ်သူဖြစ်ကြောင်း လွန်စွာ ထင်ရှား ပေါ်လွန်လှပေသည်။
၅။ ဘဝပုံအပ်၍ ကိုးကွယ်ခြင်း။
အာဗြဟံသည် ဣဇက်အား သွားပူဇော်ရန် ပြင်ဆင်ခြင်းမဟုတ်ဘဲ သူ၏ အနာဂါတ်၊ ပန်းတိုင်၊ ဆန္ဒနှင့် အရာအားလုံးပါဝင် တင်လှူပူဇော်နေခြင်းဖြစ်သလို၊ ထိုသို့ပြုရန် ပြင်ဆင်နေခြင်းလည်းဖြစ်သည်။ သူ၏ အနာဂါတ်မှန်သမျှတို့သည် သားဖြစ်သော ဣဇက်အပေါ်တွင် မှီတည်နေသည် မဟုတ်ပါလား။
ကတိတော်နှင့်ယှဉ်သော သားအားဖြင့်သာလျှင် ထားရှိသော ပဋိညာဉ်တို့သည် ပြည့်စုံလာရပေမည်။ နာခံခြင်းဖြင့် ဣဇက်အားပေးလှူခြင်းသည် သူ၏ မျှော်လက့်ချက် အားလုံးနှင့် သူ၏ ဘဝအရာအားလုံးကို ပေးအပ်ခြင်းသာဖြစ်သည်။
ကျွနု်ပ်တို့သည် လုံးလုံးဘဝကို ပုံအပ်ခြင်းမပြုသေးသရွေ့ စစ်မှန်သော ကိုးကွယ်မှု မမည်နိုင်သေးပါ။ ဆန္ဒ (သို့) အတ္တတရားတို့သည် ကိုးကွယ်မှု၌ အဟန့်အတားများသာဖြစ်သောကြောင့် ထိုအရာများအား ပေးအပ်မှသာလျှင် စစ်မှန်သော ကိုးကွယ်မှုကို ပြုနိုင်ပေမည်။
၆။ ချီးမွမ်းကိုးကွယ်၍ ဘုရားဘုန်းတော်ထင်ရှားစေခြင်း။
အာဗြဟံ၏ စစ်မှန်သော အဖိုးနှင့်ယှဉ်သော ကိုးကွယ်ခြင်းသည် ဘုရားသခင် ဘုန်းတော်ထင်ရှားစေခဲ့လေသည်။ ချစ်လှစွာသော သားကြီး သြရတ္တအား ယုံကြည်နာခံခြင်းအားဖြင့် ကိုးကွယ်ရန် ရက်ရောသော သဒ္ဓါတရားတို့ဖြင့် ပူဇော်ရန်ဖြစ်သော အာဗြဟံ၏ ဘုရားသခင်သည် အဘယ်မျှ ဘုန်းတန်းခိုး အာနုဘော်နှင့် ပြည့်စုံ၍ ကြီးမြတ်လှပါသနည်း။
တဖန် “ကျေးဇူးတော် ချီးမွမ်းခြင်း ယဇ်ကို ပူဇော်သောသူသည် ငါ၏ ဘုန်းကို ထင်ရှားစေသောသူဖြစ်၏” ဟူ၍ ဆာလံ ၅ဝး၂၃ တွင် ပါသည့်အတိုင်း စစ်မှန်သော ကိုးကွယ်ခြင်းအားဖြင့် ဘုရားသခင် ဘုန်းတော် ထင်ရှားစေခဲ့ပါသည်။
၇။ ကိုးကွယ်သူသည် မင်္ဂလာရှိသူဖြစ်၏။
အာဗြဟံ၏ ကိုးကွယ်ခြင်းအမှုကို ကောင်းကြီးပေးတော်မူသော ဘုရားသခင်သည် ကိုးကွယ်သူတိုင်းအား ကောင်းကြီးပေးလိုသည်မှာ က၊ ၂၂း၁၆-၁၈ က ညွှန်ပြနေပေသည်။ “သင်သည် ဤအမှုကိုပြု၍ သင်၏ သား၊ သင်၌ တစ်ယောက်တည်းသောသားကို ငါ့အား မငြင်းသောကြောင့်၊ ငါသည် သင့်အား အစဉ်အမြဲ ကောင်းကြီးပေးမည်။ သင်၏ အမျိုးအနွယ်ကိုလည်း ကောင်းကင်ကြယ်ကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာ သဲလုံးကဲ့သို့လည်းကောင်း အစဉ်အမြဲ ပွားများစေမည်။ သင်၏ အမျိုးအနွယ်သည်သည် ရန်သူတို့၏ မြို့တံခါးကို အစိုးရလိမ့်မည်။ သင်၏ အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံကြလိမ့်မည်” ဟု ဘုရားသခင်၏ ကတိတော်စကားသည် ပြည့်စုံစေခဲ့ကြောင်း အားလုံးအသိပင်ဖြစ်သည်။
ခရစ်တော်၏ ခြေတော်ရင်းအား ဆီမွှေးဖြင့် လူး၍ တဖန်ဆံပင်ဖြင့် သုတ်ပေးသော မာရိ၏ အသက်တာသည် လွန်စွာလှပသော ကိုးကွယ်သူ၏ ပုံရိပ်ပင်ဖြစ်သည် ( ယော၊ ၁၂း၃)။ လွန်စွာ အဖိုးထိုက်တန်လှသော ဆီမွှေး၏ အမွှေးအကြိုင်သည် သူမသွားလေရာရာ၌ ဆံနွယ်ထက်ဝယ် ပါရှိနေသည်ကို လူတိုင်း သတိထားမိကြပေမည်။
ထိုနည်းတူစွာ စစ်မှန်သော ကိုးကွယ်မှုကို ပြုသောသူတိုင်းတို့၏ အသက်တာသည် အသက်ရှင်ခြင်း ရနံ့ကို သယ်ဆောင်ပြီး ( ရော၊ ၁၂း၁-၂၊ ဧ၊ ၅း၂)၊ ဘုရားသခင်၏ အသက်ရှင်ခြင်း မျက်မှောက်တော်ရနံ့သည်လည်း ထိုကိုးကွယ်မှုပြုသူတိုင်းအားဖြင့် သွားလေရာရာတွင် မွှေးပျံ့သင်းကြိုင်ရနံ့လှိုင်နေမည်ကား ဧကန်အမှန် မလွဲပါလေ။
နာမတော်မြတ်၌
ဆင်မြူရယ်စိုးလွင်
Gerald Rowlands ၏ The first Biblical References to worship အားအားဆီလျှော် အောင် မြန်မာမူပြုပါသည်။
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...