ခရစ်သက္ကရစ် ၂ဝဝ၃။
ရပ်စောက်မြိုနယ်၊ ကျောက်ဂူ၊ ကျောက်မီးခတ်၊ ထမင်းပေါင်း၊ ဆည်တော အစရှိသည့် ဒေသခံများ အတွက်တော့ ခေတ်ကာလတွေ
ဘယ်လိုပင်ပြောင်းပြောင်း မပြေင်းမလဲတည်ရှိနေသည်နေ့ရက်တစ်ရက်၊ အကို၊ အမတို့ပျော်သည်။ အဖိုး၊အဖွားလည်းပျော်သည်။ ယုတ်စွအဆုံး ကလေးသူငယ်များပင်ပျော်သည် နေ့ကလေးတစ်နေ့။==================================
သည်နေ့က....
ဘာသာရေးပွဲနေ့မဟုတ်၊
လူမျိုးရေး နေ့လည်းမဟုတ်၊
ထိုနေ့က ငါးရက်တစ်ပါတ်သာရှိသည်၊ ငါးရက်တစ်ပါတ်သာကြုံရသည့် ဘိုးစဉ်ဘောင်ဆက်မှ ရှိလာသည့် “ဈေးနေ့”ပင်ဖြစ်သည်။
“ဝင်းမေ... ဘုရားကျောင်းသွားမယ်လေ”
“မလိုက်ပါသေးဘူး အမရယ်... ဈေးသွားလိုက်ဦးမယ်၊ အိမ်မှာ ဟင်းချက်စရာလည်းမရှိတော့ဘူး၊ နောက်ပြီး နင်တို့သိတဲ့အတိုင်း ငါ့ယောကျ်ားက အသားငါးက ကြိုက်ပါဘိနဲ့”
“အိမ်မှာ ရှိတဲ့ အသီးအရွက်ကလေးနှင့် စားပေါ့ ဝင်းမေရယ်”
“မဖြစ်သေးပါဘူး အမရယ်”
“ဒါဖြင့် ကလေးတွေကော ဝင်းမေ၊ ငါတို့နှင့် ထည့်လိုက်လေ”
“သူတို့လည်း ဈေးနေ့ဆိုတော့ စားချင်တာလေးတွေ စားရအောင်၊ နောက်ပြီး သူ့အဖေက အဝတ်အစားကလေးလည်း ဝယ်ပေးဦးမယ်ဆိုတော့ တစ်ပါတည်းခေါ်သွားမယ် အမရယ်”
ကျောက်ဂူ၊ ထမင်းပေါင်း၊ ကျောက်မီးခတ် ရွာက ဆက်တိုက်ဖြစ်နေပြီး တစ်ရွာနှင့် တစ်ရွာ နှစ်မိုင်ခန့်တော့ဝေးမည်။ သို့တိုင်အောင် ထိုရွာသုံးရွာရှိ ယုံကြည်သူများအား ကလေးနယ်မှ လာရောက်ကာ စေတနာ့ဝန်ထမ်းဖြင့် အမှုတော်ဆောင်ရန် ဆက်ကပ်နေသည်က ဆရာနွေဦး။
“ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”ဆိုသလို သွေးသားမတော်၊ လူမျိုးကွဲသည့် အခြားဒေသမှ လာရောက်ဆက်ကပ် သည်ကို ရွာနီးချုံစပ်အားလုံးက သိသည့်အတိုင်းလည်း ဘုရားတရားတွင် ယခင်နှင့်မတူ စုစုစည်းစည်းဖြင့် ဘုရားကျောင်းကန် မှန်နေကြသည်။
==================================
“တင့်ဇော်.... နင့်အမေရှိလား”
“ရှိတယ် ဒေါ်လေ...”
“ဪသာ်... ဆရာနွေဦးနဲ့၊ အမတို့ပါလား၊ လာလေ အိမ်ပေါ်တက်ကြပါဦး”
“မတက်တော့ပါဘူး၊ ဒေါ်ဝင်းရယ် ကျွန်တော်တို့ ဆည်ကြီးမှာရှိတဲ့ အောင်သောင်းတစ်ယောက် နေမကောင်းဘူးလို့ကြားတယ်၊ အဲ့ဒါနှင့် သွားပြီး ဆုတောင်းပေးကြမလို့”
“အရင်အပါတ်က ဈေးမှာ ကိစ္စလေးတွေရှိသေးတော့ မလိုက်အားပါဘူးဆရာရယ်... ဘုရားကျောင်းလည်းသွားချင်ပေမဲ့၊ ဈေးနေ့ကြောင့် မသွားဖြစ်ပါဘူး။ အခုလည်း လိုက်ချင်ပေမဲ့ ဈေးနေ့နဲ့ကြုံနေပြန်တယ်၊ အင်းဈေးနေ့တွေနှင့် မကြုံရင် သိပ်ကောင်းမှာပဲနော် ဆရာ”
“မဟုတ်တာ ဒေါ်ဝင်းရယ်၊ ဘုရားက နေ့တိုင်းမှာ ကောင်းကြီးမင်္ဂလာတွေနှင့် စီစဉ်ထားတာပဲ ကျွန်တော်တို့က အသိပညာနှင့်အတူ ရွေးချယ်သုံးတတ်ဖို့သာ အဓိကပါဗျာ”
==================================
ခရစ်သက္ကရစ် ၂၀၁၀။
အခုတော့ အချိန်က စကားပြောလေပြီ၊ ရန်ကုန်သတင်းကောင်း နှစ်ခြင်းအသင်းတော်တွင် အချိန်ပြည့် အမှုတော်ဆောင်ရင်း၊ အလျှဉ်းသင့်၍ တောင်ကြီးမြို့တွင် သင်တန်းပေးရန်ခေတ္တရောက်တုန်း ရောက်ခိုက်။ ကျောက်ဂူကို ရောက်ဖြစ်အောင် သူသွားရောက်ခဲ့သည်။
အားလုံးက အရင်လိုမဟုတ်တော့။ အစစအရာရာသည် ခေတ်နှင့်အညီ တိုးတက်နေလေပြီ။ ယခင် ရွာစဉ်အလိုက် တစ်အိမ်ပြီး တစ်အိမ် ဘုရားရှိခိုးနေခဲ့ကြရသော ဖြစ်စဉ်မှ ကျောက်ဂူရွာတွင် အတည်တကျ ဘုရားကျောင်းနှင့်။ နောက်ပြီး ရွာခံဖြစ်သူ မစောနန်းထွေးက ဓမ္မပညာ သင်ယူပြီးဆီး၍ အသင်းတော်တွင် ဆရာမအဖြစ် ပါဝင်ဆက်ကပ်နေသည်။
“ဆရာရယ် နှစ်တွေ ကြာသွားပေမဲ့ ဆရာက မမေ့ပဲပြန်လာပေးတာ အရမ်းဝမ်းသာတယ်ဆရာ”
“အားလုံး ကိုယ့်အိုး၊ ကိုယ်အိမ်ဖြင့် အတည်တကျ ဖြစ်နေကြပြီး၊ ကြီးပွားနေကြသည်ကို မြင်ရတော့ ငါတအား (ကလေးဒေသသုံးစကား-အရမ်း) ဝမ်းသာတယ်ကွာ”
အတူတကွ ရရှိသည့် လေးရက်သော အချိန်ကလေးကို ကောင်းမွန်စွာ ဘုရားတရားအကြောင်း ဆွေးနွေးခြင်း၊ အားပေးတိုက်တွန်းခြင်းများဖြင့်၊ အချိန်ကို ကုန်မှန်းမသိကုန်လွန်သွားသည်။
အရာရာ ပြောင်းလဲသွားကြပေမဲ့၊ မပြောင်းမလဲဖြစ်နေသည့် အရာကားခြွင်းချက်မဲ့အနေဖြင့်ရှိနေသည်။
ထိုအရာကား ဒေါ်ဝင်းမေပင်ဖြစ်သည်။ဒေါ်ဝင်းမေတွင် အချို့အချို့သောအရာများကား လုံးဝဥဿုံ ပြောင်းလဲသွားသည်လည်းရှိသည်။
အိမ်ထောင်ရေးတွင်၊ ယခင်လို သာသာယာယာမရှိတော့၊ သားသမီးတို့သည်လည်း တစ်ယောက် တစ်ပေါက်နှင့် မူးယူးသောက်စားနေသလို၊ ခင်ပွန်းဖြစ်သူကလည်း နှစ်ချီကာ အဝေးတွင် သွားသွား နေတတ်သည်။
တောင်ကြီးကို ထွက်ခွါလာသည့် နွေဦး၊ ကျောက်ဂူမှ ရပ်စောက်သို့ တင်မောင်ဝေက ဆိုင်ကယ်ဖြင့် လိုက်ပို့သည်။ ကိုယ်ကသာ ဆိုင်ကယ်ပေါ်တွင် တည်ရှိလိုက်ပါလာရသော်လည်း စိတ်၊ ဝိညာဉ်ကား ထမင်းပေါင်းတစ်ချက်တစ်ချက် ရောက်ရောက်သွားသည်။
“ဆရာနွေဦး... ဒေါ်ဝင်းလေ အခု အရမ်းကို နောင်တရမိတယ်၊ အရင်ကလို ဈေးနေ့နဲ့ ဘုရားဝတ်ပြုမဲ့နေ့တွေ ကို အစားထိုးလို့ရနိုင်ရင် ဒေါ်ဝင်းပြန်ရလိုက်ချင်တယ်ဆရာရယ်၊ အခု ကျွန်မ သားလေးတွေအတွက် ယခုဘဝ နောင်ဘဝ စိတ်အေးချမ်းသာ အကျွတ်တရားလမ်းစဉ်ကို ကျွန်မ မပေးနိုင်တော့ဘူး ဆရာရယ်”
“နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစားမပေးမိခဲ့တာ ဒေါ်ဝင်းအမှားပါ ဆရာရယ်”
တကွဲတပြားဖြင့် ကျောင်းကန်ဘုရားဝေးကာ အထူးသဖြင့် သားသမီးများအား “ဘုရား”အမွေကို မပေးစွမ်းနိုင်။
ဆံဖြူတဖွေးဖွေးနှင့် စိတ်ထောင်းကိုယ်ကြေဖြစ်နေသည့် ဒေါ်ဝင်းမေ၏ မျက်ရည်စက်လက်ဖြင့် တောင်းပန်တိုးလျှိုးနေသည့် ရုပ်သွင်ကား မိုးသားများ ထူထပ်နေသော ကောင်းကယ်ဘဝဂ်ဝယ် အုပ်စိုင်းလျှက် လမ်းတစ်လျှောက် အတူပါရှိနေသည်။
ဘုရားအတွက် အချိန်မပေးခဲ့သော ဒေါ်ဝင်းမေတစ်ယောက် ယခုတော့ မိသားစုအတွက်ကိုလည်း အခြေအနေက ဘုရားတရားအတွက် အချိန်ပြန်လည်ပေးကောင်းပေး၍ ယူကားယူတတ်ပါဦးမည်လား။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...