နေညိုညို ညနေခင်းဖြစ်ပေမဲ့ ဝင်းမေ မကြောက်ပါဘူး။ အချစ် အတွက်ဆိုရင် ပင်လယ်ကြီးတွေ ၊ မီးတောင်ကြီးတွေကိုတော့ သူ မမြင်ဖူးလို့ဖြတ်ကျော်ရဲပါတယ်လို့အလင်္ကာ လည်း မဖွဲ ့လိုပါသော်လည်း ၊ ချစ်ရတဲ့ နွေ ဉီးနှင့် ဆိုရင်တော့ ထိုအရာတွေထက် လက်တွေ ့ကျကျ လူမျိုးရေး တံတိုင်းကြီးတွေတော့ မကြောက်မရွံ့စတမ်း နောက်မတွန့်တမ်း ရင်ဆိုင်ရဲခဲ့သူပါ ..
”ဝင်းမေ ကိုယ် ဒီမှာ ”
အမှောင်ကို စိုက်ကြည့်ရင်း ဝင်းမေ သူ့ကို ရှာမတွေ့နိုင်ခင်မှာ နွေဦးက အသံပေးလိုက်ခြင်းမို့သူ ဝမ်းသာသွားသည် ၊ နောက် အမှောင်ကို သေချာကြည့်တော့မှ လက်ထဲမှာ တစ်ခုခု ကိုင်ထားသော နွေဦးကို သူကောင်းစွာမြင်တွေ့ရလေသည်။
” ဒီမှာ နင့် အတွက် ငါ ယူလာပေးတယ်။ သေသေချာချာ သိမ်းထားနော်။ နောက်ပြီး အချိန်ယူပြီးလည်း လေ့လာဖတ်ကြည့်ပေါ့ဟာ။ နင့် ကို အလှကြည့်ဖို့သက်သက် ငါယူလာပေးတာ မဟုတ်ဘူးနော်။ ဒီတစ်ခု ဟောင်းသွားရင် နောက်ထပ်အသစ် တစ်ခုငါ ပြန်ပေးမယ်လေ ”
"အေးပါ နွေဦးရယ် ငါလေ နင်ပြောတဲ့ အတိုင်း သိမ်းဆည်းပြီး ထားရန်သက်သက် မဟုတ်၊ လေ့လာဖတ်မှတ်ပါ့မယ် လို့ကတိပေးပါတယ်"
သူပေးလာသော စာအုပ်ကလေးအား အသာအယာ လှမ်းယူလိုက်ရင်း တွေးမိတော့ အမှန် သူ့ရဲ့သွန်သင်ချက်ကလေးတွေအားဖြင့် တရက်ပြီးတရက် ဘဝကိုရပ်တည်လာရတာက ခိုးကြောင်ခိုးဝှက်ဖြင့် ရင်မောစရာဖြစ်ခဲ့ရပေမဲ့ သောကတော့ကင်းရှင်းခဲ့ပါတယ် ၊
တစ်နေ့တာ ဆိုတဲ့အချိန်၊ တစ်နှစ်ဆိုတဲ့ ကာလတွေဟာ ကုန်မှန်းမသိ ကုန်ဆုံးခဲ့ပါပြီ ၊ သေချာပြန်တွေးတော့ သူနှင့် နွေဦးပင် မတွေ့ဖြစ်ကြတာက ရာသီစက်ဝန်းပင် တစ်ကြိမ်ပြီး တစ်ကြိမ် လည်ပါတ်နေခဲ့တာကို ရင်နာနာ လွမ်းတဲ့စိတ်တွေကြောင့် ရေတွက်၍ပင် မကြည့်ဖြစ်တော့ ..
"ဒို့ရဲ့ ဘဝတွေက ဟောဒီ သုံးပန်လှ ပန်းကလေးတွေလို မာယာကြွယ်ခြင်း မရှိဘဲ ပကတိ ရိုးရှင်းတဲ့ အရှိတရားလေးတွေနဲ့ ကိုယ်တို့နေထိုင်တဲ့ ဟောဒီ လောကကြီးထဲမှာ ဘုရား အခွင့်ပေးနေသရွေ့တတ်စွမ်းနိုင်သလောက် အလှဆင်ကြအောင်နော် .. အဝင်း ကိုယ် ပြောတာကြားတယ်နော်"
သူ့ရဲ့ မြင့်မားနေတဲ့ အတွေးအခေါ်တွေကို လိုက် မမှီတော့တဲ့ သူမ ပန်လာမိတဲ့ သုံးပန်လှ ပန်းကလေးကို သူ့လက်မှ အမှတ်တမဲ့ ပြန်ယူကာ ငေးကြည့်နေမိရင်း သူရဲ့စေတနာ မေတ္တာတရားတွေ ၊ ဝိညာ ဉ် သဘောတရား တွေကို မနည်း လိုက်ဖမ်းကာ ပုံဖေါ်နေရသည် ..
နွေဦးကတော့ဖြင့် ယောင်နနဖြင့် ကြည့်နေတဲ့ သူမအား ကရုဏာ မျက်ဝန်းအပြည့်ဖြင့် သေချာစိုက်ကြည့်နေရင်း တွေတွေလေး ဖြစ်နေမိသည်။
”ကြည့်စမ်းပါလား အဝင်းရယ်... ဒီပန်းကလေးက မနက်အာရုံ ၌ ဘုရားရှင်ရဲ့ ကောင်းကြီး မင်္ဂလာနေခြည်အောက်မှာ ကရုဏာ နေခြည်ကို ခံယူပြီး အဖြူရောင် သန့်သန့်ကလေးနဲ့ နံနက်ခင်းမှာ လောကကြီးကို အလှဆင်ခဲ့တယ် ၊ တဖန် ပူလောင်တဲ့ နေမင်းသူရိန် ရဲ့ အပူရှိန်ကိုလည်း မကြောက်မရွှံစတမ်း ရင်ဆိုင်အံတုရင်း နေရောင် ဒါဏ်ကြောင့် အထုအထောင်းကို ခံရပေမဲ့ ထိုအထဲက မဆုတ်မနစ်တဲ့ ဇွဲလုံလဖြင့် အဖြူရောင် ဘဝကနေ ရင့်ကျက်ခြင်း ဘက်ကို ဦးတည်နေပြီး ပန်းရောင်ဘဝ ဖြင့် ကျရာ ကဏ္ဍ ဘဝကနေ တာဝန်ကျေပွန်စွာ အလှဆင်မြဲပါပဲလေ ၊ အခုကြည့်ပါဦးနံနက်ရဲ့တာဝန် ၊ နေ့ခင်းရဲ့ တာဝန်သာမက ညနေခင်း ဆည်းဆာအချိန်မှာလည်း သူက အမြဲပြုံပြုံးလေးဖြင့် ရဲရဲရင့်ရင့် ကြက်သွေးရောင်ဘဝကို ကူးပြောင်းပြီး သူ့ရဲ့နောက်ဆုံး အချိန်မှာတောင် တင့်တယ်စွာ လောကကြီးကို အလှဆင်ပေးနေဆဲပါ အဝင်း.. ကျက်သရေ ရှိနေဆဲပဲလေ”
ဟုတ်ပါရဲ့ ဒီသုံးပန်လှ ပန်းပွင့်တွေကို သူငယ်စ ဉ်ကပင် ကစားခဲ့ပြီး အိမ်မှာ ရာသီအချိန်ရောက်တိုင်း ဝေနေအောင် ပွင့်တာ ကြည့်လို့လှမှလှ။ ဒါပေမဲ့ နွေဦးလိုတော့ စိတ်ကူး အတွေးမျိုးကို တစ်ခါမှ မတွေးခဲ့ဘူးပေါင် ။
နွေဦးပေးခဲ့တဲ့ သမ္မာကျမ်းစာအုပ်ကိုတော့ သူ မကြာကြာ ဖတ်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် သူ နွေဦးကို သတိရတဲ့အချိန်တွေမှာ ပိုဖတ်ဖြစ်ခဲ့တယ် ဆိုတာ သူရိုးသားစွာ ဝန်ခံရမှာပါ ။
“ အဝင်း သမ္မာကျမ်းစာ ဆိုတာက ထာဝရ အသက်ရှင်တဲ့ ဘုရားရှင်ရဲ့ နှုတ်တော်ထွက် စကားတွေဖြစ်တယ် ဟောဒီမှာ ကြည့်ပါလား ”သမ္မာ” တဲ့ သမ္မာ ဆိုတာက ဖေါက်ပြန်ခြင်း ကင်းသော လို့အဓိပ္ပါယ်ရတယ်။ ဒါကြောင့် ဘဝအတွက် စိတ်ချရတဲ့ အာမခံချက်တွေကိုလည်း ရယူနိုင်တယ်။ အဝင်း။ နောက်ပြီး နှုတ်ကပါတ်တော်ရဲ့ ထူးခြားချက်က လူမျိုးတိုင်း ရဲ့ဘာသာစကားဖြင့် တည်ရှိနေခြင်းပါပဲ ။ လူမျိုးနွယ်အားလုံး လွယ်လွယ်ကူကူ လေ့လာမှတ်သား နည်းနာယူနိုင်တာပေါ့”
ပြောလည်းပြော၊ ရှင်းလည်းရှင်းပြဖြင့် အကြင်နာ ပိုတတ်သလို အမြဲတမ်းလည်း သဘာဝတရားနှင့် လက်တွေ့ကျကျ သွန်သင်ညွန်ပြတတ်သူပါ ၊
တစ်နေ့။ ဟုတ်ပါတယ်၊ သူ မမေ့ နိုင်စရာတွေ အများကြီးထဲက တကယ့်မမေ့ နိုင်ဖွယ်ရာ မှတ်မှတ်ရရ နေ့ကလေး တနေ့ပါပဲ ၊ အခါတိုင်း နေ့တွေလို ပျ ဉ်းတောဦးကျေးရွာမှာ သွားရောက်ပြီး ဝတ် မပြုဖြစ်တဲ့ နေ့ပါ ၊အကြောင်းအရင်းကတော့ ကလေးမြို့မှ ဧည့်သည်ဆရာ ဆရာ စောရန်အောင်တို့နန်းစောင်းပုကျေးရွာ ကလေး အရောက်လာကြပြီး၊ ဝတ်ပြုအစည်းအဝေး ပြုလုပ်ပေးတဲ့နေ့ပါပဲ ၊ ဝတ်ပြု အစည်းအဝေးပြီးတော့ နွေဦး နှင့်သူ ဦးတင်ဝင်းတို့ရဲ့ လှေခါးခုံအောက်ဆင့်မှာ စကားပြော ဖြစ်ကြရတာပါ ။
“အဝင်း ငါလေ နင့်ကို ဝမ်းသာစရာ စကားတခွန်းပြောစရာရှိတယ် လာမဲ့နှစ်မှာ ငါလေ ရန်ကုန်မှာသွားပြီး နှုတ်ကပါတ်တော်ကို သွားရောက်ပြီး ဓမ္မပညာကို ဆည်းပူးခွင့်ရပြီဟ”
”နင်..နင် တကယ်သွားတော့မှာလားဟာ .. ငါလေ နင် မရှိရင် ဘယ်လို ရင်ဆိုင်ရမှာမှန်းတောင် မတွေးတတ်တော့ဘူးဟာ..ငါလေ ဝမ်းလည်းသာသလို ဝမ်းလည်း နည်းသလိုပါပဲ ဟယ်”
စိတ်မကောင်း ဖြစ်သွားတဲ့ သူမရဲ့ စကားကြောင့် နွေဦးမျက်နှာကလေး ရုတ်ချည်း လငပုပ် ဖမ်းစားခံသွားရသလိုဖြစ်သွားတာ တွေ့ရတော့ စိတ်မကောင်း ဖြစ်သွားမိသည် ၊ ဝေးကြရတော့မယ်ဆိုတာ သိပေမဲ့ အနာဂါတ်ဆိုတဲ့သာသနာအရေးကြောင့် သူကြည်နူးမိတာကလည်း အဆန်းသား။
"ဘာပဲဖြစ်ဖြစ်ပေါ့ဟာ နင်နဲ ့ငါ ခေတ္တခွဲကြရတော့မှာဖြစ်ပေမဲ့ အခုအချိန်မှာ နင်နဲ့ငါတို့က ရဲရဲဝင့်ဝင့် ဦးမဆောင်ဘူးဆိုရင် နောင်ငါတို ့ရရှိထားတဲ့ ကယ်တင်ခြင်း သာသနာ့ အလံကို ဘယ်လို လက်ဆင့်ကမ်းနိုင်ကြတော့မှာလည်း.. နောက်ပြီး ငါ့မှာက ငွေကြေးအရ အကယ်၍ ဘုရားရှင် အခွင့်မပေးလို့ရှိရင်တော့ ကျောင်းပိတ်ချိန်တွေမှာ လည်း ရန်ကုန်မှာ ရရာ အလုပ်ကို ဝင်လုပ်ရင် ကျောင်းပြီးအောင် ကြိုးစားမယ်။ ဓမ္မပညာရေး ဆုံးခန်း မတိုင်သ၍တော့ ငါပြန်လာမှာ မဟုတ်တော့ဘူး"
ငယ်စ ဉ်တောင်ကျေး ကလေးဘဝမှပင် အတူဆော့ကစား ကြီးပြင်းခဲ့ကြသူများပေမို့၊ ယခုလိုတော့ မခွဲ စဖူးကြပါ ၊ နောက်ပြီး ရင်တွင်းမှာ ခံစားရခြင်းတွေကလည်း သူငယ်ချင်းအဆင့်ထက် ကျော်နေတာကို သူရိုးသားစွာ ဝန်ခံရပေမည် ၊ အခု ရပ်ရွာကို လာရောက်ကြတဲ့ တရားဟောဆရာ ၊ ဆရာမတွေအားဖြင့် ခရစ်တော်ဘုရားကို ကယ်တင်ရှင်အဖြစ် ဦးစွာ လက်ခံလာတဲ့နောက် .. နွေဦးက သူမကိုပင် သူ၏ မိဘဆွေမျိုးတွေကို ဝေငှ သက်သေခံအပြီး အခွင့်အရေး ပေးစနစ်ဖြင့် သူမကလည်း ခရစ်တော်ကို သိလာရသူပါ ။ မိဘတွေက သဘောမတူပေမဲ့ တနေ ့သူမကို ရဲရဲဝင့်ဝင့် ယုံကြည်လက်ခံဖို ့အမြဲတွန်းအားပေးခဲ့သောသူမို့သူမ တွေဝေသွားရခြင်းပါ ။
”ဒါဆို နင်က ဟို ရန်ကုန်မှာ ပဲ အပြီးနေတော့မှာလား နွေဦးရယ်”
”ဟာ ဘယ်က အပြီး နေရမှာလည်း။ ငါ ခနခန ပြန်လာရင် ငွေကုန်မှာပေါ့ဟာ။ ဒါ့ကြောင့် ကျောင်းလုံးလုံး ပြီးမှပဲ ငါလေ ပြန်လာတော့မယ်”
”အေးပါ .. ငါ့နင့်အတွက် ဆုတောင်းပေးနေပါ့မယ် ”
“ဘုရား ၊ တရားနဲ့ မိဘတွေရဲ့ ဆိုဆုံးမစကားတွေကိုတော့ ဘယ်တော့မှ မမေ့နဲ့နော်.. ငါပေးထားတဲ့ သမ္မာကျမ်းစာ ကိုမှန်မှန်ဖတ်ပြီး သုံးပန်လှပန်းလေးလို .. ကဲ့ရဲ့ပြစ်တင်မှုတွေ ဝေဖန်မှုတွေ အကြားမှာ လောကရဲ့အလင်း ၊ လောကရဲ့ဆားအဖြစ် အဓိပ္ပါယ်ရှိရှိ ရဲရဲဝင့်ဝင့် အသက်ရှင်ပြလိုက်စမ်းပါနော် အဝင်း ..ငါလေ ဓမ္မပညာ သင်ကြာ းပြီးရင် နင့်ဆီကို ငါလေ ဆက်ဆက်ကြီးပြန်လာမှာပါဟာ”
အမှန်တကယ်လည်း ထွက်ခွါသွားလိုက်တာ အခုဆိုရင် သုံးနှစ်ဆိုတာ လုံးလုံးလျှားလျှား ပြည့်ခဲ့ပါပြီ .. ပြောစကားအတိုင်း ရွာကို ပြန်မလာသေးပေမဲ့ စာတွေတော့ ပုံမှန်ပို ့ပေးနေ ခဲ့ပါတယ် ၊ စာတွေရေးတိုင်းလည်း ၊ ကြိုးစားနေတယ်ဆိုတာတွေက အပ်ကြောင်းထပ်နေအောင် ရေးထားတာချည်းပင် ၊ သို့သော် ကောင်မလေးတွေ အကြောင်း မပါလို့သူဖြေသာပါတယ်လေ။
ပြောင်းလဲနေတဲ့ ရွာရဲ့ အကြောင်းတွေကို သူလာမှပဲ သိစေရမည်လို ့သူစိတ်ဝယ် ကြိတ်တေးထားမိသည် ၊ ”နင်သိစေချင်လိုက်တာဟယ် ” လို့အကြိမ်ကြိမ် ဖြစ်မိပေမဲ့ စာရေးလေတိုင်း ရပ်ရွာမှာ အပါတ်စ ဉ် ဥပုဒ်စာဖြေသင်တန်း ရှိနေပြီဖြစ်ကြောင်းသာမက ၊ အပါတ်စ ဉ် ဗုဒ္ဓဟူးနေ့မှာသာမက ၊ သောင်္ကြာနေ့တိုင်းမှာပါ အစာရှောင် ဆုတောင်း ကြတာတွေကို သူထည့်မရေးဖြစ်ခဲ့ပါ ..
သူ့ရဲ့ သွန်သင်ညွန်ပြ လမ်းပြ ဖေးကူမှုတွေကြောင့် ရပ်ရွာမှာ အခုဆိုရင် အမေ ၊ အဖေသာမက ရွာထဲမှ ဦးလေးသန်းကြီးပါ ခရစ်တော်ကို ယုံကြည်လက်ခံလာပြီး လွတ်လွတ်လပ်လပ် ကိုးကွယ်နေကြရပြီး ၊ သာရေးနာရေးမှာပင် အားလုံးကစည်းလုံးညီညွတ်နေကြပေပြီ .. အထူးသဖြင့် ဘုရားကို ဘုရားလို့မြင်တတ်လာကြပါပြီ..
ဒါတွေအားလုံးက နွေဦးဆိုတဲ့ လောကရဲ့ဆား ၊ လောကရဲ့အလင်းက သူမတို့ရွာလေးမှာ ကနဦးဆုံးသော ယုံကြည်သူဖြစ်လာပြီး ၊ ယုံကြည်ခြင်းအတွက် မကြောက်မရွှံ နောက်မတွန့်နှင့် ဘုရားအတွက် သစ္စာရှိရှိ ရပ်တည်ခဲ့ပြီး ၊ ကနဦးတမန်တော်များကဲ့သို့၊ ဘုရားမေတ္တာဖြင့် အစေခံခဲ့ခြင့်ကြောင့်သာပါ ..
ဆရာကောင်းတပည့် ပန်းကောင်းပန်ဆို တဲ့အတိုင်း အခု ”အဝင်း .. အဝင်း..”ဆိုပြီး သူခွန်အားတွေပေး ၊ ရေလောင်းပေါင်းသင် မြေဆွပေးခြင်းကို ရရှိခဲ့တဲ့ သူမပင်လျှင် ရပ်ရွာရဲ့ အလင်း ၊ ရပ်ရွာရဲ့ဆား ဖြစ်ခွင့်ရခဲ့ပါပြီ ..
”နွေဦးရယ် နင်က ကဗျာတွေ ဘာတွေနှင့် စာတွေလည်းရေးတာ ဝါသနာပါတော့ ငါလေ နင့် အတွက် ကဗျာတစ်ပုဒ်ရေးမိတယ် ကာရန် ညီ မညီ မသိလို့အလွမ်းပြေ ရေးတာကို မှားရင်လည်း နင်မရီ (ရယ်) နဲ့ပေါ့ဟာ ၊ နင်က တဖက်သား အားနည်းချက်ကို မလှောင်တတ်တော့ မရီ (ရယ်) ဘူးလို ့ငါသိပါတယ် လေ .. သူမ ရင်တွင်းမှ တီးတိုးစကားသံ ကို ရန်ကုန်မှာ ဓမ္မပညာတွေ သင်ယူကြိုးစားနေတဲ့ နွေဦးမကြားနိုင်မှန်းသိပေမဲ့ သူမ တီးတိုးလေး ရေရွတ်မိသည်။
I must have You!
I must have You!
I couldn't walk this thorny way
With stone beneath and cloud above,
Or meet the struggle of each day
Without your love.
I must have You!
I couldn't stand the hours at night
Or troubled day with all its length,
Or overlook what others say
Without your strength.
I must have You! I couldn't share the grief of those
Who need my help along life's way,
Or comfort one in need of peace
Unless I have you!
”နွေဦးရေ.. နင်လေ ဓမ္မပညာကျောင်းပြီးတာနှင့် ပြန်လာမည့်နေ့ကို ငါသာမက ငါတို့တရွာလုံးက စောင့်မျှော်နေကြ တယ်ဆိုတာ သတိရပေးပါဟယ် .. အစကတော့ နင် မရှိရင် ငါလေ ဘယ်လို နေရပါ ့မလည်းလို့တွေးပြီး ပူပန်နေခဲ့ပေမဲ့ နင်က ငါ့အတွက် ယုံကြည်ကိုးစားမှု မလွဲရလေအောင် အမျိုးမျိုး သွန်သင်ပေးခဲ့တာတွေကို ငါဘယ်လို ကျေးဇူးတင်ရမှန်းတောင်မသိတော့ပါဘူးဟယ်..”
”နင့်အတွက်ငါ က အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်ခွင့် မရခဲ့ရင်တောင်မှ .. နင့်အတွက် သာသနာ့တာဝန်တွေမှာ ပါရမီဖြည့်ပေး သူအဖေါ်ကောင်းတယောက်ဖြစ်နိုင်ရန် .. ငါလေ.. ငါ မိန်းမသားတန်မဲ့ တောင်းဆုပြုနေမိတယ်ဆိုတာ နင်သိခဲ့ရင်လေ ... ”
ဓမ္မအဆွေများ အမောပြေကာ အစဉ် ခိုင်ခန့်စေဖို့
နာမတော်မြတ်၌
Samuel Soe Lwin
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...