နိဒါန်း
”ယနေ့ခေတ်တွင် အသင်းတော်တွေ မှိုလိုပေါက်ပွား၊အမှုတော်ဆောင်တွေ ငွေလိုဖောင်းကားနေကြတယ်”ဟူ၍မကြာမကြာ စာရေး သူကြားနေရသလို၊
ဘယ်လိုမြင်သလဲ၊ဘာကြောင့်လဲ ဆိုတဲ့ အမေးကလည်း မေးမှမေး။ ထိုအဖြစ်ထိုမေးခွန်းများက ယုံကြည်သူအတွင်းမှရော၊ အပြင်မှရော၊တစ်နည်းအားဖြင့် အသင်းတော် အတွင်းအပြင် နှစ်ရပ်လုံးမှပင် ဖြစ်ပါ၏။ ပတ်ဝန်းကျင်ကိုကြည့်ရန် မဟုတ်သော် လည်းသမ္မာ ကျမ်းစာ ၌ ‘ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ၊ သူတပါးချီးမွမ်းပါလေစေ’ (သု ၂ရး၂)ဟု ပါရှိသကဲ့သို့၊ မှတ်ကျောက်တင်ခြင်းအတွက် အခြားသူ၏ နှုတ်ပါးစပ် ပါရှိလေသည်။ (မ ၁၆း၁၃-၁၆)၌ ကြည့်ပါက သခင်ယေရှုသည် ပေတရုအား ‘လူတွေက ငါ့ကို ဘယ်လို မြင်သလဲ၊ မင်းတို့ကကော ငါ့ကို ဘယ်လိုမြင်သလဲ’ ဆိုသော မေးခွန်းအား ကျွနု်ပ်တို့သည် အခြားသူအား မမေးခင် မိမိကိုယ်မိမိလည်း မမေးသင့်ပါ။ မေးသင့်သောသူမှာ အခြားသူကိုမဟုတ်၊ ဘုရားရှင်ကိုသာ ဦးစွာ မေးသင့်ပေ၏။ အဘယ်ကြောင့် အခြားသူကို အရင်မေးသင့်ပါသနည်း ဟူမူကား၊ လူတို့ထံမှ အဖြေ သည် အမျိုးမျိုးတွေးဆချက်၊ ယူဆချက်မှ လာသည်ဖြစ်၍ မည်သည့် အဖြေယူရမည်ကို ကျွနု်ပ်တို့မသိနိုင်သကဲ့သို့၊ မိမိကိုယ်မိမိ အရင် မေးကြည့်ပါကလည်း မိမိစိတ်သည် မိမိအား လှည့်စားနိုင်ပေ၏။ ဘုရားရှင်အား အရင်မေးခြင်းသည်ကား တိကျသောအဖြေကို ရပေမည်။ တိကျသောအဖြေ ရပြီးသောအခါ ခရစ်တော်ကဲ့သို့ သူတပါးအား ရဲဝံ့စွာမေ၍၊ ရဲဝံ့သောအဖြေကိုလည်း ပေးရဲပေလိမ့်မည်။
မိမိဆန္ဒဖြင့် အမှုဆောင်သူများ။
(တ ၁၉း၁၃-၁၈)တွင် သကေဝယဇ်ပရောဟိတ်မင်း၏ သားခုနစ်ယောက်တို့သည် ရှင်ပေါလု၏အောင်မြင်ခြင်း များကို အားကျကာ ယေရှု၏ နာမတော်အား ပေါ့ပေါ့တွေး၍အမှုတော်မြတ်ကိုလည်း အလေးအနက်မထားဘဲ နတ်ဆိုးအားယေရှုနာမဖြင့် နှင်ထုတ်ကြောင်း တွေ့ရ၏။ ယုဒ လူတို့၏ သဘောထားတစ်ခုကား ‘သခင်ယေရှု၏ နာမတော်ကိုမြွက်စမ်းကြခြင်း’ ဖြစ်သည်။ သူတို့သည် တရားတော်ကိုတရားကဲ့သို့ မမြင်ရုံ သာမက ဘုရားကိုပင် ကလေးကစားသည့်အလား ‘မြွက်စမ်း’ကြ၏ ဆိုသည့် ရိုးရာဘာသာတစ်ခုကဲ့သို့ထင်ကာ ဘုရားနာမတော်အား မလေး မစား ပျက်ရည်ပြု ကစားသောကြောင့် နတ်ဆိုးတို့က ‘ယေရှုကို ငါသိ၏။ပေါလုကို ငါသိ၏။ သင်တို့ကား အဘယ်သူနည်း’ဟု မေးခြင်းအားဖြင့် နတ်ဆိုးများပင် ဘုရားနှင့်ဆိုင်သော ဘုရားလူများကိုသိကြောင်း တွေ့ရပေသည်။ သကေဝ၏ သားတို့မှာကား ခရစ်တော်နှင့် သူတို့ မဆိုင် ကြောင်း မသိ၍ ပြုမိသောကြောင့် ကိုယ့်ရှူးကိုယ်ပတ်ကာ အဖြေမပေးနိုင်ဘဲ နတ်ဆိုးတို့၏ တိုက်ခိုက်ခြင်းကိုခံရကာ အရှက်မမဲ့စေဖို့ အဝတ် မပါဘဲ ထွက်ပြေးကြရလေသည် (တ ၁၉း၁၆)။ ထိုမျှမက ထိုအဖြစ်ဆိုးသည် ဧဖက်မြို့၌ ဟိုးလေးတကြော်ဖြစ်ကာ လူတောမတိုးဝံ့စရာ ဖြစ်ရ လေ၏။ ဤသည်ကား မိမိဆန္ဒ၏ လှည့်စားခြင်းကိုခံရကာ ဒုက္ခရောက်ကြရသော သကေဝသားတို့၏ အဖြစ်အပျက်ပင် ဖြစ်ပေ၏ (တ ၁၉း၁၇)။
ပတ်ဝန်းကျင်အားဖြင့် အမှုတော်ဆောင်ခြင်း။
ယခုခေတ်သည်ကား မျိုးရိုးကြောင့်သော်လည်းကောင်း၊ ကျမ်းစာကျောင်းပြီး၍လည်းကောင်း၊ ဝါသနာပါ၍ ပါဝင်ခြင်းမဟုတ်ဘဲ ပါဝင်၍လည်းကောင်း၊ အထက်ပါ မေးခွန်းများ ပေါ်ပေါက်လာရပါ၏။ ဘုရားရှင်၏ အမှုတော်မြတ်တွင် ပတ်ဝန်းကျင်အားဖြင့် အခန့်သင့်၍ ဝင် ရောက် လာခြင်းမျိုးမဖြစ်ရန် (လုကာ ၁၄း၂၈-၃၀)တွင် ဖော်ပြသည့်အတိုင်းဆင်ခြင် သတိပြုသင့် ပေ၏။
တိုက်အိမ်ကို တည်ဆောက်သောသူသည် အဖိုးအခကို ချင့်တွက်၍ ပြင်ဆင်ထားမှသာလျင် ထိုတိုက်ကြီးပြီးသွားအောင် တည်ဆောက်နိုင်မည်၊ မတည်နိုင်မည်ကို ဆန်းစစ်နိုင်မည်ဟု ခရစ်တော်ကိုယ်တိုင် မိန့်တော်မူထားပါသည်။ ယနေ့ ‘သာလျင် စံမည်၊ နာလျင် လန်သော’ သူတစ်ချို့ကြောင့် အချို့သာသနာကွင်းများတွင် ‘အမှုဆောင်ခြင်းသို့ မရောက်ဘဲ၊ အမှောင်များစုရာ’ ဖြစ်သွားသောကြောင့် အညှီရှိ ရာ ယင်အုံကာ ငါးခုံမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဆိုသကဲ့သို့ ထင်မှတ်မှားခြင်းခံနေရသည် မဟုတ်ပါလား။
အသက်ထက်ဆုံးတိုင်အောင် ခန္ဓာ စိတ် ဝိညာဉ်ကို ပေးအပ်ပူဇော်နိုင်မည်လား စသဖြင့် မိမိကိုယ်မိမိ ရိုးသားစွာ မစစ်ဆေး၊ ဘုရားရှင်ကို မမေးမြန်းပဲ ပါဝင်လုပ်ဆောင်နေခြင်းများကြောင့် ‘အနံ့အသက် အချို့တို့သည် ရှိနေရခြင်းပင် ဖြစ်လေသည်။သို့တည်းမဟုတ်က ‘ကြည့်ရှုလော့၊ ငါ့ကျွန်သည်အမှုဆောင်၍ အောင်လိမ့်မည်။ ချီးမြှောက်ခြင်းသို့ရောက်၍ အထွဋ်အမြတ် ဖြစ်လိမ့်မည်’ ဟူ၍ (ဟေရှာယ ၅၂း၁၃)တွင် ဖော်ပြထားသည့်အတိုင်း မင်္ဂလာရှိမည် မဟုတ်ပါလား။
ဘုရားရှင်အားဖြင့် အမှုတော်မြတ်၌ ပါဝင်ခြင်း။
ယုံကြည်သူတိုင်း ခရစ်တော်၏သက်သေများ ဖြစ်ကြသော်လည်း သက်သေများအားလုံး ကား အချိန်ပြည့် အမှုတော်ဆောင် (သိုးထိန်းကြီးများ)ဟူ၍တော့ မခေါ်ဆိုပါ (၂ကော၃း၂၊ မ၅း၁၄-၁၆)။ သာ၍ ရှင်းလင်းစေရန် သမ္မာကျမ်းစာ ထဲမှ ပုဂ္ဂိုလ်အချို့တို့၏ အသက်တာ အားဖြင့် မီးမောင်းထိုးပြ လိုပါ၏။
(က) နတ်ဆိုးစွဲဘူးသောသူ (မာ ၅း၁၈-၁၉)
‘သူသည် ကိုယ်တော်နှင့်အတူ ရှိပါမည့်အကြောင်းတောင်းပန်လျှင် ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ့်အိမ်သို့ သွားလော့။ ထာဝရ ဘုရားသည် သနားခြင်းစိတ်တော်နှင့် အဘယ်မျှလောက် ကျေးဇူးြုပတော်မူသည်ကို သင်၏ အဆွေအမျိုးတို့အား ပြန်ကြားလော့ဟု မိန့်တော် မူ၏’ထိုယုံကြည်သူသည် ခရစ်တော်ထံမှ မစသနားခြင်းနှင့် ကယ်တင်ခြင်းတရားအား ကာယ၊ ဝိညာဉ်၊ စိတ် သုံးဖြာလုံး အတွက် ပြည့်ဝစွာ ရရှိပြီး သူ ဖြစ်သည့်အားလျော်စွာ ခရစ်တော်၏ နောက်တော်သို့ ထပ်ချပ်မကွာလိုက်ရန် ဆန္ဒပြင်းပြသော်လည်း ခရစ်တော်သည် အခွင့်ပေးတော် မမူပေ။ သို့သော် ထိုသူသည် ညူစူမြည်တမ်းခြင်းမရှိဘဲ သူ့ဆန္ဒအလိုကိုခရစ်တော်မပေး၍ (ဓမ္မဆရာ၊ သိက္ခာတော်ရ၊ သင်းအုပ်ဆရာ၊ ဓမ္မကထိ က — )စသော ဘွဲ့နာမများ မရခဲ့သော်လည်းနတ်ဆိုးစွဲဘူးသောသူသည် ‘ဒေကာပေါလိပြည်တွင် သတင်းကြားပြောသည်ဖြစ်၍ ခပ်သိမ်းသော သူတို့သည် အံ့ဩခြင်း ရှိကြ၏’ ဟူ၍ အငယ် ၂၀ တွင် တွေ့ရပါ၏။
(ခ) အခြားသောသူများ
မောရှေ၊ ဒါဝိဒ်၊ အာဗြဟံ၊ ပေတရု၊ ယောဟန် မှစ၍ ယေရမိတို့သည် ‘အိုအရှင်ထာဝရဘုရား၊ အကျွနု်ပ်သည်မဟောမပြောတတ်ပါ။ သူငယ် ဖြစ်ပါ၏ဟု လျှောက်လျင်ထာဝရဘုရားကလည်း အကျွနု်ပ်သည် သူငယ်ဖြစ်ပါသည်ဟု မပြောနှင့်’ဟူ၍ ယေရမိအား ဆိုခဲ့လေ၏ (ယေရ၁း၄-၁၀) ။ မည်သို့ပင်ဆိုစေ ဘုရားရှင်၏ အလိုတော်အတိုင်း သူတို့အားလုံးတို့သည် ရာထူးကိုမငဲ့။ ထားရာနေစေရာသွားအသက်ရှင်ခဲ့သူတို့ဖြစ်သော နတ်ဆိုးစွဲဖူးသောသူ၊ မောရှေ၊ ဒါဝိဒ်၊ ယေရမိ အစရှိသူတို့အားဖြင့်ဘုရားဘုန်းတော် ထင်ရှားစေခဲ့ပြီ မဟုတ်ပါလား။ ထိုသို့သော ယုံကြည် သူများကို ယနေ့လည်း ဘုရားရှင် စောင့်မျှော်နေဆဲပင် ဖြစ်၏။ သကေဝ၏ သားများနှင့် ဘုရားဆန္ဒကို ဥပေက္ခာပြုသော သူတစ်ချို့ကြောင့် ယနေ့ အမှုတော်မြတ်မှာ အမှောင်တော်တွေ စုနေရခြင်းဖြစ်ကြောင်း ဖြေကြားပါရစေတော့ —
နာမတော်မြတ်၌
စယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...