ယုံကြည်သူများအကြားတွင် တိကျရေရာသော ယုံကြည်မှုနှင့်အတူ သေသည်၏အခြားမဲ့၌ လာရာ ဘုံနန်းကို စိတ်၀င်စားဖွယ်ရာ ထူးကဲမှုနှင့်တွေ့မြင်ရသည်။ အချို့က သေသည်၏အခြားမဲ့၌ လူတို့သည် “အိပ် စက်ခြင်း”မှာ တရားစီရင်ရာနေ့အထိဖြစ်ပြီး၊ ထိုမှ ထာ၀ရသုခချမ်းသာ၊ အို၊ နာ၊ သေခြင်းကင်းရာသို့၄င်း၊ သို့ တည်းမဟုတ် အို၊ နာ၊ သေခြင်းတို့ရှိရာ အနိဌာရုံလမ်းသို့၄င်းလားရမည်ဟုယုံကြည်ကြသည်။ အချို့က သေသည်၏ အခြားမဲ့၌ “လျှပ်တစ်ပြစ်အတွင်း” စီရင်ခြင်းကိုခံယူကာ သုခချမ်းသာနန်း (သို့) အနိဌာဘုံနန်း သို့သွားရောက်ရမည်ဟုဆိုကြသည်။
တစ်ဖန်အချို့ လူတို့သည်သေသည်၏အခြားမဲ့၌ “ခေတ္တခံရာ၊ စံရာ”တွင်နေထိုင်ရပြီး၊ နောက်ဆုံးသော ရှင်ပြန်ထမြောက်ခြင်းကိုမြော်လင့်နေရင်း နောက်ဆုံးသောတရားစီရင်ခြင်းနှင့်အတူ ထာ၀ရသုခဘုံ (သို့) ထာ၀ရ ဒုက္ခဘုံသို့သွားရသည်ဟုဆိုကြသည်။ ထို့သို့သော ယူဆခံယူချက်များကြောင့် သမ္မာကျမ်းစာက သေသည်၏ အခြားမဲ့၌ ဖြစ်ရမည့်အရာကိုအတိအလင်းမည်သို့ ဆိုထားပါသနည်း။
ပဌမရှင်းလင်းမှု။
ခရစ်တော်ဘုရားကိုယုံကြည်လက်ခံထားကြသောသူများအတွက် သေသည်၏အခြားမဲ့၌ သူတို့၏ နာမ်သက်ဝိညာဉ်သည် ခရစ်တော်ဘုရားရှင်၏ ပြုတော်မူ သောယတြာကုသိုလ်တရားကြောင့် အပြစ်လွတ် ခြင်းတရားကိုခံယူရရှိပြီးဖြစ်သည့်အားလျှော်စွာ ကောင်းကင်သို့၀င်ရောက်ခွင့်ရရှိကြသည် (ယော၊ ၃း၁၆၊ ၁၈၊ ၃၆)။
ယုံကြည်သူဘုရားသားသမီးများအတွက် သေခြင်းတရားဟူသည် “ရုပ်သက်နှင့် နာမ်သက်ခွဲခြင်းဖြစ်ပြီး သခင်ဘုရားနှင့်အတူ ရွှေပြည်တော်တွင် စံစားစံမြန်းရန် ဖြစ်သည်”(၂ ကော၊ ၅း၆-၈၊ ဖိ၊ ၁း၂၃)။
သို့သော် ၁ ကော၊ ၁၅း၅၀-၅၄ နှင့် ၁ သက်၊ ၄း၁၃-၁၇ တို့သည်ကား ရှင်ပြန်ထမြောက်ရာကာလတွင် ယုံကြည်သူတို့၏ ရုပ်ခန္ဓာသည် ဖေါက်ပြန်ပျက်ဆီးခြင်း ကင်းသော ဝိညာဉ်ဏာခန္ဓာကိုယ်ဖြင့် ဘုန်းတော်၀င်စား ခြင်းကိုပြဆိုထားခြင်းဖြစ်သည်။
ယုံကြည်သူများသည်သေသည်၏အခြားမဲ့၌ ခရစ်တော်ဘုရားနှင့်အတူ ဘုန်းတော်၀င်စားရပြီဆိုပါက ရှင်ပြန်ထမြောက်ခြင်း၏ အကြံအစည်တော်ကား အဘယ့် အတွက်နည်း? အကြောင်းမှာ ယုံကြည်သူဘုရားသား သမီးများသည် သေသည်၏အခြားမဲ့၌ နာမ်သက်ဝိညာဉ်သည်ဘုရားသခင်နှင့်အတူ ဘုန်းတော်၀င်စားရ သော် လည်းသူတို့၏ ရုပ်ခန္ဓာသည်ကား မြေကြီးပေါ်တွင်မြုပ်နှံထားရှိသောကြောင့်ရုပ်ခန္ဓာစကားအရ “အိပ်ပျော်ခြင်း” ဟုဆိုထားခြင်းဖြစ်သည်။ ထို့ကြောင့် ရှင်ပြန်ထမြောက်ရာကာလတွင် ယုံကြည်သူတိုင်း၏ “ခန္ဓာ၊ စိတ်၊ နာမ် သက်ဝိညာဉ်” တို့သည် ပြန်လည်ပေါင်းစည်းလျှက် မအို၊ မနာ၊ မသေသောဘ၀အသက်တာ ဖြင့် ထာ၀ရသုခ ချမ်းသာစစ်တည်းဟူသော ဘုန်းတော်ကို၀င်စားရန်ဖြစ်သည်။
ထိုသို့သော ပြန်လည်ပေါင်းစည်းခြင်းသည် ထာ၀ရကောင်းကင်သစ်နှင့် မြေကြီးသစ်နှင့် ထာ၀ရ ကာလ တိုင်အောင် “ခန္ဓာ၊ စိတ်၊ ဝိညာဉ်” သုံးပါးလုံးဖြင့်သခင် ဘုရားနှင့်အတူ စံစားရန်ဖြစ်သည်(ဗျာ၊ ၂၁-၂၂)။
ဒုတိယရှင်းလင်းမှု။
ခရစ်တော်ဘုရားကိုလက်ခံယုံကြည်ခြင်းမရှိသောသူများအတွက်မူကား သေသည်၏အခြားမဲ့၌ ထာ၀ရ အပြစ်စီရင်ရာ အနိဌာဘုံနန်းသို့ညွန်းဆိုခြင်းဖြစ်သည်။
ယုံကြည်သူများ၏ဘ၀အရေးကဲ့သို့ပင် မယုံကြည်သူများ တို့သည်လည်း ထာ၀ရစီရင်ခြင်းမတိုင်မှီ အပြစ်ကိုယ်စီခံစားရန်အတွက် ယာယီခံစားရာနေရာသို့ စေလွတ်ခြင်း ကိုခံယူလျှက်ရှိပြီး၊ နောက်ဆုံးသောရှင်ပြန်ထမြောက်ခြင်းနှင့်အတူ တရားစီရင်ခြင်းကိုခံရကာ ထာ၀ရ အနိဌာရုံ များပြည့်နှက်ရာစီရင်ရာအရပ်သို့ ကျရောက်ကြရမည်ဟုဆိုကြသည်။
သေသည်၏အခြားမဲ့၌ သူဌေးကြီးသည် တမဟုတ်ခြင်းအနိဌာရုံတို့ပြည့်နှက်ရာ အပါယ်သို့လားရသည် ကိုရှင်လုကာ၊ ၁၆း၂၂-၂၃ တွင်တွေ့ရသည်။ ဗျာဒိတ်၊ ၂၀း၁၁-၁၅ တွင်ကြည့်ပါက ဘုရားမသိသော သာသနာပ လူတို့သည်လည်း ရှင်ပြန်ထမြောက်ရာကာလတွင် အတူထမြောက်ကြပြီး၊ ပလ္လင်ဖြူတရားစီရင်ခြင်း တွင် စီရင်မှု ကိုခံယူကာ ထာ၀ရပိုးမသေ၊ မီးမငြိမ်းရာသို့ လားကြရမည်ဟုအတိအလင်းဆိုထားသည်။
ထို့ကြောင့် မယုံကြည် သူတို့သည်သေသည်၏အခြားမဲ့၌ ထာ၀ရမီးငရဲသို့စီရင်ခြင်းခံရသည်မဟုတ်ပဲ ယာယီအပြစ်စီရင်ရာတွင်ခံစားနေ ကြရပြီးမှသာလျှင် ထာ၀ရမီးငရဲသို့လားကြရသည်ဟုဖေါ်ပြထားသည်။ ထိုသို့ထာ၀ရမီးငရဲမဟုတ်သော်လည်း ထိုနေရာကား သက်သာငြိမ်းအေးဖွယ်ရာလမ်းမရှိပါ။ “အကျွန်ုပ်သည် ဤမီးလျှံ၌ပြင်းစွာခံရပါသည်” (ရှင်လုကာ၊ ၁၆း၂၄) ဟုသူဌေးကြီး၏ အော်ဟစ်သံကိုမြင်တွေ့နိုင်ပါသည်။
ထို့ကြောင့် လူတို့သည်သေသည်၏အခြားမဲ့၌ ထာ၀ရသုခဘုံ (သို့) ထာ၀ရဒုက္ခဘုံသို့မလားရောက်မှီ “ယာယီအကျိုးအပြစ်”ခံယူရာအရပ်ရှိနေသည်ကို တွေ့ရ သည်။ ထိုသို့ဘုရားကိုလက်ခံယုံကြည်ခြင်း၊ ဘုရားကို ငြင်းပယ်ခြင်း၊ ကိုးစားခြင်း၊ မကိုးစားခြင်းတို့ကိုခံယူရာအရပ်မှ နောက်ဆုံးထမြောက်၍ စီရင်ခြင်းကို ခံယူကာ သွား ရမည့်ဘုံ (သို့) လားရာဂတိကား ထာ၀ရဖြစ်ပြီး ထိုသို့ သုံခဘုံ (သို့) ဒုက္ခဘုံသို့ရောက်ပြီးသွားပါက တစ်ဖန် ပြောင်းလဲခြင်းမရှိ ထာ၀ရခံရန် (သို့) စံရန်သာဖြစ်ပေတော့သည်။
လူသားတိုင်းသွားရာထိုထာ၀ရလားရာဂတိတို့ကား ဘယ်သောအခါမှပြောင်းလဲခြင်းမရှိတော့။ ဘုရားကို သက်၀င်ယုံကြည်သော ဘုရားအနွယ်၀င်တို့သည်ကား အို၊ နာ၊ သေခြင်းကင်းရာထာ၀ရကောင်းကင် သုခနန်း ဖြစ်ပြီး (ဗျာ၊ ၂၁း၁)။ ဘုရားကိုမသိ၊ မကိုးကွယ်သောသူတို့သည်နေရာကား အို၊ နာ၊ သေခြင်းတို့ပြည့်နှက်ရာ ထာ၀ရငရဲမီးအိုင်သာဖြစ်သည်(ဗျာ၊ ၂၀း၁၁-၁၅)။
ထိုနေရာတို့သည်ကား သေသည်၏အခြားမဲ့၌ လူသားတိုင်းကြုံဆုံရမည့် သွားလာရန် ဘုံနန်းတို့ပင် ဖြစ်သည်။ ထိုသို့သောဘုံနန်းများရှိရာတွင် ထာ၀ရဒုက္ခ ဘုံနန်းမှာ ထာ၀ရသုခဘုံနန်းသို့ သွားရာလမ်းကား ခရစ်တော်တည်းဟူသော ဘုရားမှတစ်ပါးအခြားသောလွတ်ရာလမ်းရွေးချယ်စရာလောကတွင်မရှိတော့ (မ၊ ၂၅း၄၆၊ ယော၊ ၃း၃၆)။
“ယေရှုက ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမှ ခမည်းတော်ထံသို့ မရောက်ရာ” (ယော၊ ၁၄း၆)။
နာမတော်မြတ်၌
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...