” အို့.. အမေ့”
“ဟာ… “
“ဘုတ်..”
” တောင်းပန်ပါတယ်ဗျာ… ကျွန်တော်လည်း စိတ်ကလောနေတော့ သတိမထားမိဘူး”
ဟု အမှတ်မထင် တိုက်မသူအားတောင်းပန်စကား ဆိုကာ လွင့်ကျသွားသော သူမ၏ လက်ကိုင်အိတ်ကလေးနှင့်အတူ ဓမ္မသစ် အင်္ဂလိပ် ကျမ်းစာလေးအား ကောက်ကာပေးလိုက်သည်။
“ဟာ… “
“ဘုတ်..”
” တောင်းပန်ပါတယ်ဗျာ… ကျွန်တော်လည်း စိတ်ကလောနေတော့ သတိမထားမိဘူး”
ဟု အမှတ်မထင် တိုက်မသူအားတောင်းပန်စကား ဆိုကာ လွင့်ကျသွားသော သူမ၏ လက်ကိုင်အိတ်ကလေးနှင့်အတူ ဓမ္မသစ် အင်္ဂလိပ် ကျမ်းစာလေးအား ကောက်ကာပေးလိုက်သည်။
“မဟုတ်ပါဘူး၊ အဲ့ဒါ သဲသဲ အမှားပါ၊ မှန်က အပြင်ကနေ မမြင်ရပေမဲ့ အတွင်းကနေ မြင်ရတာပဲ၊ ဟိုလေ သဲသဲလည်း ကိစ္စလေးတွေကြောင့် အတွေးလွန်ပြီး သည်လိုဖြစ်သွားရတာပါ”
မွန်းစတား အင်တာနက်ဆိုက် လာနေကျပေမဲ့ သူမပြောမှပင် မှန်ကို သတိထားမိသည်။ နောက်.. သူမကိုသူမ သဲသဲ ဆိုပြီး တောင်းပန်စကားဆိုသွားတဲ့ ချစ်စဖွယ် မျက်နှာပိုင်ရှင်လေးကို ကြည့်တော့ သူ့အသက်နှင့် မတိမ်းမယိမ်းပင်။ အလွန်ဆုံးကွာလှမှ သူ့ထက် နှစ်နှစ်အပြင် သူမမငယ်နိုင်ပါ။ သူသတိထားမိတာကတော့ တမူထူးခြား ယဉ်ကျေးသိမ်မွှေ့တဲ့ သူမရဲ့ ဟန်ပန်အမူအရာကလေးတွေကတော့ သူ့ရဲ့ မျက်ဝန်းထဲမှာသာမက ရင်တွင်းရဲ့ အတွင်းကျဆုံးတစ်နေရာမှာပါ ထာဝရ စွဲထင်နေခဲ့မည်မှန်း သူကိုယ်တိုင်ပင် သိလိုက်ချိန်မရ။
-------------------------------------------------------------
ညာဘက်အပေါက်မှ ဝင်ဝင်ချင်း လွတ်နေသော နံပါတ ( ၃ ) မှာ ဝင်ထိုင်ပြီး အဖွဲ့ဝင်အမည်နှင့် လျှို့ဝှက်စာကို ရိုက်ထည့်ကာ Gtalk ကိုဖွင့်တော့ အမည်နေရာမှာ Maitete ဆိုတဲ့ အမည်ကလေးက ရှိနေဆဲမို့ ရုတ်တရက်ပင် အဖြစ်အပျက်အား ပြန်သတိရကာ သူမ၏ မျက်နှာကို ပြန်မြင်ယောင်လာပြီး သူပြုံးမိသည်။ စင်္ကာပူရောက်နေသည့် အကို နှင့် အင်တာနက်မှာ ချိန်းထား သည်မို့ နှမြောတသစွာ သူမ၏ အမည်လေးအား စိတ်တွင်မှတ်ကာ အလျင်အမြန် သူမ၏ နာမည်အားဖျက်၍ အီးမေးလ်ကို ဖွင့်သည်။ ဖွင့်ဖွင့်ချင်းပင် လိုင်းပေါ်မှာ အစ်ကိုက ရှိနေပြီမို့ Gtalk မှ ဖုန်းဖြင့်ခေါ်လိုက်သည်။
“ညီညီ မင်းကြာလှချည်လားကွာ၊ ငါအခုပဲ ထွက်တော့မလားလို့၊ ဘာကြောင့်နောက်ကျရတာလဲ”
“ညီ တောင်းပန်ပါတယ် ကိုကိုရာ၊ စင်္ကာပူ နှင့် မြန်မာစံတော်ချိန် ကွာတာကို မေ့သွားလို့ပါ။ အခုတောင်် သွားရည်စာ မစားဘဲ ထွက်လာတာ၊ ကိုကိုစောင့်နေမှာကို သိလို့လာတာ ဆိုင်က အဝင်ပေါက်မှာတောင် လူတစ်ယောက်နှင့် တိုက်လိုက်သေးတယ် ကိုကိုရ”
“ထားပါတော့ သည်မှာ ငါလုပ်ရကိုင်ရတာ အဆင်ပြေတယ်၊ အိမ်အတွက်တော့ ငါအားလုံး တာဝန်ယူမယ်ဆိုတော့ မင်းဓမ္မပညာ ဆည်းပူးပြီး အမှုတော်ဆောင်ဖို့ ငါပြောချင်တယ်”
ကိုကို့ရဲ့ စကားကြောင့် သူတွေဝေသွားသည်။ မေမေနှင့် မေမေက သူငယ်ငယ်ကတည်းက အမှုတောင်ဆောင်ဖြစ်လာ ရန်အတွက် မျှော်လင့်ကာ အပ်နှံဆုတောင်းခဲ့ကြပေမဲ့။ သူ့အနေနဲ့ အမှုတော်ဆောင်တွေကို လုံးဝ အထင်ကြီးလို့မရနိုင်ပါ။ မကောင်းကျောင်းပို့ဆိုသလို ပညာရေး၊ ကျန်းမာရေး၊ ဟိုအရေး၊ သည်အရေးတွေ ထင်သလို ဖြစ်မလလို့ ရသေ့စိတ်ဖြေ အမှုတော်ဆောင်နေကြတာ မဟုတ်လား။ ကိုကိုလည်း သူမကြိုက်မှန်း သိသိနှင့် အမြဲတမ်း တို်က်တွန်းနေခဲ့သူပဲ။
“ဟေ့.. ညီ.. ငါပြောတာ ကြားရဲ့ား”
“ဟုတ်….ဟုတ်..ကြားပါတယ် ကိုကို”
အတွေးစကို ဖြတ်တောက်လိုက်ပြီး သူပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ကိုကိုရာ ညီ လုံးဝ အမှုတော်ဆောင် မလုပ်ချင်ဘူး။ ကိုကိုသိတဲ့အတိုင်းပဲ သည်နေ့ သည်အချိန်အခါမှာ အမှုတော်ဆောင်တွေဆိုတာ ဘုရားအတွက် မဟုတ်ဘဲ၊ ဗိုက်ကားဖို့အတွက် လုပ်နေကြတာ၊ ဘုရားအတွက် ဆိုတဲ့ လူက အနည်းစုကလေး ..၊ ညီညီ လက်ချိုးပြီး ရေတွက်ပြလို့ရတယ်”
ကိုကိုက ဆယ်တန်းအောင်ပြီးနောက် အလုပ်ကို ကြိုးစားရုန်းကန်သည်။ အိမ်အတွက် ကိုကိုက တာဝန်ယူထားသည့် နည်းတူ နွေဦးအတွက် ပညာရေး ( ၁၀ ) ကနေ B.Sc ဘွဲ့ရသည်အထိ လိုလေသေးမရှိ လုပ်ပေးခဲ့သူ။ ဖေဖေနှင့် မေမေတို့အတွက် အားကိုးရသလို သူ့အတွက်ကျတော့လည်း အစ်ကိုအရာမှာသာမက မိတ်ဆွေကဲ့သို့၊ ဖခင်တစ်ဦးကဲ့သို့ ရှေ့ရေးကို မျှော်တွေးကာ လမ်းပြတတ်သူ။
“အခုလို စစ်မှန်တဲ့ အမှုတော်ဆောင် နည်းပါးချိန်မှာ ငါမင်းကို အမှုတော်မြတ်မှာ ပိုပြီးမြင်ချင်တယ် ညီညီ၊ ဒါမှလည်း သာသနာက ကျယ်ပြောလာမှာလေ၊ ဘာပဲဖြစ်ဖြစ် အဖေနှင့် အမေ့ကိလည်း ငါပြောပြီးပြီ၊ ညီ့အနေနှင့် ဓမ္မပညာကို ရန်ကုန်မှာ သင်ချင်သလား၊ ကလေးမှာပဲ သင်မလားဆိုတာ ဆုံးဖြတ်ပါ”
“ကိုကိုရာ ညီ ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး”
“ငါအခု အလုပ်ဝင်ရတော့မယ် လူကြီးတွေရဲ့ စကးကို နားထောင်ပါ ညီညီ”
စစ်မှန်တဲ့ အမှုတော်ဆောင် နည်းတာကို မကြိုက်ပေမဲ့၊ သူကိုယ်တိုင်တော့ မပါဝင်လိုခဲ့ပါ။ ကိုကိုပြောတာလည်း မှန်ပေသည်။ သူကပဲ အချိန်ကို မလေးမစားခဲ့သူမို့ ပြန်ပြောရန် အချိန်မှရှိ၊ ကိုကိုက ပြောချင်ရာကိုပြောပြီး “ဒါပဲနော်” ဟုဆိုကာ သူပြန်မပြောလိုက်မှီမှာ ကိုကိုက မရှိတော့ Offline ပြသွားပြီးဖြစ်သည်။
-------------------------------------------------------------
ဧည့်ခန်းမှာ ထိုင်ကာ စကားဖောင်ဖွဲ့နေကြတဲ့ ဖေဖေနှင့် မေမေဟာ သူ့ကိုမြင်တော့ စကားကို ရပ်ပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မေးငေါ့နေကြသည်။ နောက် သူ့ကိုကြည့်နေကြပြန်သည်။
“ဘာတွေလည်း မသိပါဘူးကွာ”
ဟု စိတ်ရှုပ်ရှုပ်ဖြင့် လက်ကို ခေါင်းတွင် ထိုးသွင်းကာ သူအခန်းတွင်း ဝင်ရန် ဦးလှည့်လိုက်သည်။
“သား “
“သားလေး”
ဆိုတဲ့ ဖေဖေနှင့် မေမေရဲ့ ခေါ်သံကြောင့် သူခြေလှမ်းရပ်တန့်သွားသည်။
“သား…ခန… သား ခနလေးလာပါဦးကွာ သားကို ဖေဖေတို့ ပြောစရာရှိလို့”
“ဟုတ်ကဲ့ ဖေဖေ”
ဟုဆိုကာ သူအသာအယာပင် မျက်နှာချင်းဆိုင်တွင် ဝင်ထိုက်လိုက်ပြီး၊ စားပွဲခုံပေါ်မှ ပန်းအိုးအား ဘယ်ရယ်မဟုတ် သူစိုက်ကြည့်နေမိသည်။ ဖေဖေက စာရွက်နှစ်စုံအား ဖိုင်လ်တွဲထဲမှ ထုတ်ကာ စကားဆိုလေ၏။
“သား.. သည် လျှောက်လွှာ နှစ်စုံထဲက ကြိုက်တဲ့တစ်စုံ ဖြည့်ပြီး ပတ်စ်ပို့ ဓါတ်ပုံနှစ်ပုံနှင့် နေ့လည်မှာ အသင့်လုပ်ထားပါသား။ ဘုရားရှင်အတွက်၊ အများအတွက် ဂုဏ်ယူရမည့်သူအဖြစ် သားကို ဖေဖေတို့ မြင်ချင်လှပြီသား”
“ဟုတ်ပါတယ် သားရယ်၊ သားပဲ ဆယ်တန်းပြီးမှ၊ B.Sc ပြီးမှဆိုလို့ ရွှေ့လာတာ အခုတော့ မေမေတို့ ဆန္ဒကို ဖြည့်ပါဦးသားရယ်… …. ရန်ကုန်နဲ့ ကလေး၊ သားကြိုက်တဲ့ မြို့မှာ ဓမ္မပညာကို သားသင်နိုင်ဖို့ မေမေတို့စီစဉ်ပါ့မယ်သား”
“မေမေရယ်… သားဆုံးဖြတ်ဖို့အတွက် အချိန်ပေးပါဦး”
ဟုဆိုကာ အခန်းတွင်း မိမိကုတင်ပေါ်တွင် ခြေပစ်လက်ပစ် လှဲအိပ်ရင်း ခြင်ထောင်မျက်နှာကျက်ပေါ်ဝယ် သဲသဲဆိုသည့် မိန်းကလေး၏ မျက်နှာကလေးက ပြုံးလျှက်ပေါ်လာသည်။ စိတ်ညစ်ရတဲ့ ကြးက သူမရဲ့ ပုံရိပ်ကလေးက သူ့ရဲ့ အပူကို ချက်ချင်း ငြိမ်းစေနိုင်တာ သူလွန်အံ့သြမိသည်။
-------------------------------------------------------------
ဖေဖေနှင့် မေမေသည် ဘာသာရေးတွင် အလွန်ကိုင်းရှိုင်းကာ သွန်သင်လမ်းပြ၊ လမ်းညွှန်ပေးမှုတို့ကြောင်း သည်အခြေအနေသို့ ရောက်ရှိခဲ့ရသည်ကို သူကောင်းစွာ သဘောပေါက်သည်။”သားသမီးတို့သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့” ဆိုတဲ့ ကျမ်းစကားအတိုင်း ကျမ်းစာကျောင်းတက်ရန် သူဆုံးဖြတ်လိုက်သည်။ သို့သော် ကလေးမြေမှ တစ်ပါး အခြားသောအရပ်သို့၊ ယုတ်စွအဆုံး အမေရိကပင် ကလေးမြေနှင့် မလဲနိုင်ပါ။
သူသည် ဒေသစွဲအားကြီးသူ မဟုတ်ငြားလည်း မွေးရပ်မြေကိုတော့ သာမာကိစ္စနှင့် လဲ၍ မစွန့်ခွါလိုပါ။ချမိသော ဆုံးဖြတ်ချက်တို့သည် သဲသဲဆိုသည့် သူမ၏ ပုံရိပ်ကြောင့်လား ဆိုသည်ကိုတော့ သူမဆန်းစစ်လိုတော့ပါ။
နွေဦး ဆုံးဖြတ်ချက်ချသည့်အတိုင်း ဓမ္မပညာကို ကလေး သတင်းကောင်း ဓမ္မပညာကျောင်းတော်တွင် ဆည်းပူးခဲ့သည်။
-------------------------------------------------------------
ဝတ်ပြုဆောင်တွင် သူအပါအဝင် အားလုံးက ငြိမ်သက်စွာ ရှိနေကြသည်။ အပ်ကျသံ မဆိုထားဘိ၊ တစ်ဦးရင်ခုန်သံကို တစ်ဦးက ကြားနေရသည်နှယ်၊ အားလုံး လည်း သူ့လို ကိုယ်စီ ရှိနေကြလိမ့်မည်။ ထိုအချိန်တွင်၊
” နွေဦး ငါတို့ နောက်ဆုံးနှစ် ကျောင်းသားတွေအတွက် တို့ကျောင်းကို ဒီနေ့ သာသနာပြု တစ်ယောက်လာပြီး သူ့ရဲ့ သာသနာ့ အတွေ့အကြုံကို ပြောပြမယ်တဲ့ကွ၊ အဲ့သည် ဆရာမက ရခိုင်ပြည်ဘက်မှာ ရှိတဲ့ ခမီချင်းတွေကြားမှာ သာသနာပြတာ လေးနှစ်ရှိပြီတဲ့”
အမှုတော်ဆောင်များကို အကောင်းမမြင်တတ်သူ နွေဦးအား ကျော်လှိုင်မှ လက်တွေ့သာသနာပြု သူရဲကောင်းများရှိကြောင်း အမြဲလိုလိုပင် ပြောပြနေကျ ဖြစ်သည်။
“အေးကွာ ငါလည်း အရင်ကတော့ အမှုတော်ဆောင်တွေကို လုံးဝ အကောင်းမမြင်၊ အထင်မကြီးနိုင်ဘူး။ ဒါပေမဲ့ ကျမ်းစာကျောင်းရောက်မှ ငါမသိသေးတဲ့ တကယ့် သာသနာ့ သူရဲကောင်းတွေ ရှိနေသေးတယ်၊ လိုအပ်နေသေးတယ်ဆိုတာကို ငါပိုပြီး နားလည်လာတယ်။ ဒါတွေလည်း မင်းရဲ့ ကျေးဇူးကြောင့်ပေါ့ကွာ”
ကျော်လှိုင်က မှန်သည်၊ မှားသည်မဆို၊ သူ့အားပြုံး၍သာ ကြည့်နေသည်။ သူ့အကြေင်းကို ကျော်လှိုင်က အသိဆုံးမို့ ကျောင်းသားခေါင်းဆောင်ဖြစ်သလို၊ ၀ိညာဉ်ရေးရာမှာလည်း စိတ်အားထက်သန်တဲ့အတွက် သူ့အတွက် မိတ်ဆွေကောင်းဖြစ်ခဲ့သည်။ ထိုမျှမက အမှားကိုလည်း Back to the Bible ဆိုသလို ကျမ်းစာအားဖြင့် ဆုံးဖြတ်အသက်ရှင်ခဲ့သူမို့ သူ့စကား နားထောင်နေတဲ့ ကျော်လှိုင်ရဲ့ဟန်က ပန်းများပွင့်လန်းနေသည်ကို ကြည့်ကာ ပီတိဖြစ်နေတဲ့ ဥယျာဉ်မူးကြီးတစ်ဦးနှင့် မခြားနားပါလေ။
“အားလုံး မင်္ဂလာပါ”
“မင်္ဂလာပါ”
“မင်္ဂလ…မင်္ဂလာ…လာ..ပါ”
ကျောင်းအုပ် ဆရာဆွီးမန်းနှင့် ဆရာမထောင်းသဲ၊ ဆရာင်းအောင်တို့နှင့် အတူပါလာသည့် ဧည့်သည်ဆရာမ၏ နှုတ်ဆက်စကားကို ကြားတော့ အားလုံးက “မင်္ဂလာပါ” ဆိုတဲ့စကားကို တုန့်ပြန်ကြတော့၊ သူက အများနည်းတူ “မင်္ဂလာပါ” ဆိုတဲ့စကားကို အဆုံးအထိ ရောက်မသွားဘဲ “မင်္ဂလ…. လာ..ပါ ” ဟု ထစ်ငေါ့မှုဖြစ်ကာ အနည်းငယ် အသံက ကြာနေသည့်အတွက် ဘယ်ဘက်မှာရှိနေတဲ့ ကျော်လှိုင်က ကြားသွားကာ သူ့အား တံတောင်နှင့်တို့သည်ကိုပင် သူက ဂရုမပြုအားပါ။
ဆံနွယ်ကို သေသပ်စွာ နောက်တွင် ထုံးထားပြီး ၀ိုင်းစက်အပြစ်အနာအဆာကင်းသည့် မျက်နှာဝယ် ထင်ရှားပေါ်လွင်နေသည့် နှာတံ၊ ပိရိပြတ်သားစွာ ဆုံးဖြတ်တတ်သည့် နှုတ်ခမ်းများကိုလည်း ပိုင်ဆိုင်ထားပြီး ပါတိတ်အပြာရောင် ဖျော့ဖျော့လေးကို ဝတ်ဆင်ထားတဲ့ ဧည့်သည်ဆရာမက သူ့ရင်ကို တိတ်တခိုး စိုးမိုးပြီး ပျောက်ချင်းမလှ ပျောက်နေခဲ့တဲ့ သဲသဲမို့ သူအံ့သြမင်သက်ကာ သူမကိုသာ ငေးကြည့်နေမိသည်။
“အို.. . . . . . ချစ်စဖွယ် မျက်နှာပိုင်ရှင်လေးရယ် …. . . လေးနှစ်တာ ဆိုတဲ့ နှစ်တွေကွာခြားသွားပေမဲ့ မောင့်ရင်ကိုတော့ စိုးမိုးနိုင်ဆဲပါ၊ ပိုပြီး တည်ကြည်လာတဲ့ ဣန္ဒြေမှတစ်ပါး အားလုံးက မပြောင်းလဲသေးပါစေနဲ့လို့ သူတိတ်ဆိတ်စွာ ဆုတောင်းနေမိသည်။
“ခရစ်တော်အတွက် တပည့်တော် ၁၂ ပါးက ရဲဝံ့စွာ သာသနာပြုခဲ့တယ်၊ ဆရာကြီး ယုဒဿန်ကလည်း ကျွန်မတို့ မြန်မာပြည်အတွက် သာသနာမျိုးစေ့သာမက စာပေမှာလည်း သမ္မာကျမ်းစာ၊ မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ အဘိဓါန်တွေ.. . . . . . . . “
အားရပါးရ ရှင်းပြနေတဲ့ ဆရာမရဲ့စကားတွေဟာ အရေးကြီးမှန်းသိပေမဲ့ သူ့နားထဲ မကြားတစ်ချက် ကြားတစ်ချက်နှင့်ပါ။ ဆရာမကို ငေးကြည့်နေရင်း တစ်ချက်တစ်ချက် ကြားမိတာက ” ဝင်းမှည့်နေတဲ့ စပါးရှိသော်လည်း ရိတ်သိမ်းသူနည်း၏” ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ သူကောင်းစွာ သိမြင်ခံစားတတ်လာသည်။ အားလုံးက အစည်းအဝေးအပြီး နှုတ်ဆက်ကြချိန်၊ အများနည်းတူ ထပ်တူထပ်မျှ နှုတ်ဆက်ပေမဲ့ ဆရာမ လက်ကို ဆွဲကိုင်ရင်း သူ့နှလုံးသားတွေက ပုံမှန်မဖြစ်ချင်တော့။
-------------------------------------------------------------
“နွေဦး… သည်နေ့ လာတဲ့ ဆရာမ ချောချောလေးက တို့ နောက်ဆုံးနှစ် ကျောင်းသားတွေအတွက် ၀ိညာဉ်ရေးမှာ နိုးကြားအောင် စာတွေ့၊ လက်တွေ့နှင့် ခွန်အားပေးသွားရုံမကဘူး၊ မင်းနှလုံးသားပါ နိုးကြားအောင် လုပ်သွားပြီ ထင်တယ်နော်. . . ဟဲ ..ဟဲ … ဟဲ”
သူ့အမူအရာပျက်ယွင်းမှုကြောင့် ကျော်လှိုင် သူ့အား စသည်ကို သူဘာမှ မတုန့်ပြန်မိ။
“ဆရာမ ကိုပဲ အသည်းစွဲအောင် ချစ်တော့မယ်”
ရိသဲ့သဲ့ဖြင့် ဆိုနေသော ဘွေအုပ်သီချင််းဆိုခြင်းကိုလည်း သူဥပေက္ခာပြုလိုက်သည်။ သူမသိ ငါကြိုက်ဆိုသလို မြတ်နိုးစွာဖြင့် ချစ်နေမိခဲ့တဲ့ သဲသဲဟာ အရင်တုန်းက သာမန် အရပ်သူလေးအဖြစ်ရယ်ပါ။ အခုတော့ သူ့ထက်ပင် ရှေ့မှာ ရဲဝင့်စွာ ရပ်တည်နေတဲ့ သာသနာ့ သူရဲကောင်းတစ်ဦးမဟုတ်ပါလား။
“တိန်..တိန်…တိန်..”
လှုပ်ရှားနေတဲ့ နှလုံးသားကို ဘုရားရှင်လက်ထဲ အပ်နှံပြီး မီးပိတ်ရန် အချက်ပြခေါင်းလောင်းသံကြောင့် ခေါင်းရင်းဘက်ရှိ မီးခလုတ်ကို လှမ်းပိတ်လိုက်ရင်း သူ့မျက်စီကိုလည်း ဇွတ်မှိတ်ပစ်လိုက်တော့သည်။
-------------------------------------------------------------
မတ်လတွင် ဘွဲ့နှင်းသဘင် ရှိမည်မို့ ယခု ဒုတိယနှစ်ဝက်ပြီးပြီးချင်း လာမည့် ဘွဲ့နှင်းသဘင်သာမက ဒီနေ့ ဖေဖေါ်ဝါရီလရဲ့ နောက်ဆုံးပါတ် သောင်္ကြာနေ့ နေ့ခင်း (၂) နာရီတွင် ကျောင်းသားများအားလုံးက နှုတ်ဆက်ပွဲအတွက် စီမံခန့်ခွဲရေးတွင် အားလပ်သူဟူ၍ မရှိ။ သူ့မှာတော့ စိတ်နှင့်ကို အိုးစားကွဲနေရပြီမို့ မပျော်ရွှင်နိုင်ပါ။
“နွေဦး.. မင်းကြည့်ရတာ ဘာဖြစ်နေတာလည်း၊ နာရီ တကြည့်ကြည့်နဲ့ မင်းနေမကောင်းဘူးလား”
“မဟုတ်ဘူး ကျော်လှိုင်ရာ၊ ငါသည်နေ့ နေ့ခင်း (၂ ) နာရီမှာ သဲသဲနဲ့ အင်တာနက်မှာ ချိန်းထားတယ်။ အခု ဒီအလုပ်ကို ဗြုန်းစားကြီး ဆရာ ကြာပင်းက လာခိုင်တော့ ငါစိတ်ညစ်နေပြီ၊ အခု နှစ်နာရီထိုးဖို့ ရှစ်မီးနစ်ပဲ ကျန်တော့တယ် ကျော်လှိုင်ရာ………. သူဖိလစ်ပိုင်ကို မပြန်ခင် ငါ့သဘောထား သူ့ကို သိစေချင်တယ်”
ပထမ နှစ်ဝက် စားမေးပွဲ မတိုင်ခင်မှာ ဆရာမ ဆွီးသဲ ဒါမှမဟုတ် ချစ်တဲ့သူတဖြစ်လဲ သဲသဲကို ပြန်တွေ့ပြီး ဘယ်လိုမှ သူ့ရဲ့ နှလုံသားကို ထိန်းချုပ်လို့ မရတဲ့အဆုံး သူမနှင့် ပါတ်သက်ခဲ့သော အဖြစ်အပျက်များကို မှတ်စု စာအုပ်ထဲတွင် ပြန်ဖတ်ရင်း အပြည့်အစုံ မရှိတဲ့ Maitete ဆိုတဲ့ အီးမေးလ် ကလေးကို အမှတ်ရပြီး၊ maitete@gmail.com,maitete@googlemail.com, maitete@googlemail.com.mm ဖြင့် ကြံကြံဖန်ဖန်လုပ်ကြည့်ရာ maitete@googlemail.com မှာတွေ့ခွင့်ရခဲ့သည်။
သူ့ရဲ့အချစ်သတင်းကို ငါးလတိုင် ရင်ဖွင့်ရင်း နောက်ဆုံး Gtalk မှာ မွန်းစတား အင်တာနက်က စတင်ပြီး သူ့ရဲ့ ဝေဒနာဖြစ်တည်မူကို ဆိုတော့” သြော်. . . . သဲသဲ မောင့်ကို သနားလိုက်တာနော်” ဆိုပြီး ကရုဏာ အချစ်တွေကို သူပိုင်ဆိုင်ခွင့်ရခဲ့သူပါ။
အဖြစ်မှန်ကို သိနေတဲ့ ကျော်လှိုင်က၊
” မင်းရဲ့ အလုပ်ကို ငါပြီးအောင် လုပ်ထားလိုက်ပါ့မယ်ကွာ.. မင်းသွားတော့ အချိန်လည်း သိပ်မကျန်တော့ဘူး”
“ကျေးဇူးပဲ သူငယ်ချင်းရာ၊ ကဲ့ … .. . ငါသွားတော့မယ်နော်”
ဟု ကျော်လှိုင်အား ဆိုရင်း တစ်သက်တစ်ကျွန်းမှ လွှတ်လာသူပမာ သူပျော်သွားသည်။
-------------------------------------------------------------
အန်ကယ် ငွေမောင်းရဲ့ ဆိုင်ကယ်ကိုယူပြီး၊ တောင်ဖီလာလမ်းမှ ဗိုလ်ချုပ်လမ်းပေါ် ရောက်တော့ သူ့နာရီကို သတိပြုမိလိုက်သည်။
“ဟာ.. . . . . တစ်နာရီ ( ၅၉ ) မီးနစ်”
သူတီးတိုး ရေရွက်လိုက်မိသည်။ မွန်းစတား အင်တာနက်ဆိုင်ကိုသွားပါက အနည်းဆုံး သုံးလေးမီနစ် လိုအပ်ပေမည်။ ချိန်းထားသည့် အချိန်ထက် နောက်ကျပါက ချစ်ရတဲ့ သဲသဲ စိတ်ညိုညင်ပေလိမ့်မည်။ မေတ္တာအပြည့်ဖြင့် အမှုတော်ဆောင်သူဖြစ်ပေမဲ့ စည်းကမ်း တိကျတဲ့သူ။ နောက်ပြီး သူ့အပေါ်တွင်လည်း သာသနာ့ ခေါင်းဆောင်တစ်ဦးဖြစ်ရန် မျှော်လင့်ချက်အများကြီးထားသူမို့ သူ့အတွက် နှင့် သူမကို စိတ်မညစ်စေချင်ပါ။
မွန်းစတားအင်တာနက်ဆိုင်သို့ မသွားတော့ဘဲ၊ သစ္စာဦး အင်တာနက်ဆိုင်သို့ဝင်ကာ Gtalk ကိုဖွင့်လိုက်တော့ အချိန်အတိအကျ သာသနာ့ခေါင်းဆောင်မလေးက “Forget me not” ဆိုတဲ့ အင်္ဂလိပ်စာတန်းကလေးနှင့်အသင့်၊ အဲယားဖုန်း မရှိသောကြောင့် Chatting မှာပင် စာရေးရိုက်ထည့်လိုက်သည်။
“သဲသဲ မောင် တောင်းပန်ပါတယ်ကွာ…. မောင့်မှာ အဲယားးဖုန်း မရှိဘူး”
“ကိစ္စမရှိပါဘူး.. . . .ဒါနဲ့ မောင် သာသနာအတွက် အသင့်ရှိပြီလား”
“ဒါတော့. . . . မောင်က အသင့်၊ ပညာလည်းစုံ၊ ကြင်ယာလည်းစုံမှာမို့၊ အရိုးကြေကြေ အရေခမ်းခမ်း သေသည့်တိုင်အောင်ပဲ အချစ်ရယ်”
” မနောက်နဲ့ကွာ မောင်က ဒေသစွဲသမားဆိုတော့ အတည်မေးတာ”
“သေးမွှားတဲ့အရာတွေအတွက်တော့ မောင် မစွန့်လွတ်ဘူး၊ ဒါပေမဲ့.. . .”
“စကြာဝဠာထက် အဖိုးထိုက်တဲ့ ၀ိညာဉ်တွေအတွက် ဆိုရင်ကော မောင်”
” သာသနာအတွက်.. ခရစ်တော်အတွက်ကဖေးကူမယ်. . . . မောင့်ရဲ့အချစ်တွေ အတွက်တော့ သဲသဲက မောင့်ရဲ့ အနားမှာ ရှိမယ်ဆိုရင် . . . . မောင်လေ နာငါးနာနဲ့ အသင့်ပါ အချစ်ရယ်”
“ဘယ်လို နာငါးနာလည်း မောင်ရယ်၊ သဲနားမရှင်းဘူး၊ အဲ့ဒါ သီသြော်လော်ဂျီ စကားလား”
“မဟုတ်ပါဘူး . . . မောင်ဆိုလိုတာက မောင့်မှာ ပျောက်ဆုံးဝိညာဉ်တွေအတွက် စေတန၊ ကရုဏာ၊ အနစ်နာနဲ့ ခရစ်တော်အတွက် နာခံခြင်း၊ မောင်ချစ်ရတဲ့ သဲသဲအတွက်က အကြင်နာ၊ အဲ့ဒါတွေအားလုံးပေါင်းလိုက်တော့ နာငါးနာပေါ့”
“မောင် စကားသိပ်တတ်တာပဲ၊ သဲသဲ အရှုံးပေးပါတယ်နော်၊ ဘိုင် “
တစ်ဦးနှင် တစ်ဦး အပြန်အလှန် Chatting မှာ ပြောလို့အပြီး ချစ်ရတဲ့ သဲသဲက Offline ပြသွားပေမဲ့ သူထမပြန်ချင်သေးပါ။ သို့သော် ဖြစ်သင့်တာထက် ဖြစ်သင့်တာသည် အကောင်းဆုံးပေမို့ အင်တာနက်ဆိုင်အား ကျောခိုင်းလိုက်သည်။ အပြန်လမ်းမှာတော့ ခရစ်တော်အတွက် ကျရာကဏ္ဍကနေ ပါဝင်ခွင့်ရဖို့၊ အမှောင်နယ်မှာ ရှိတဲ့ ၀ိညာဉ်တွေ ကယ်တင်ခြင်းရဖို့၊ ချစ်ရတဲ့ သဲသဲနဲ့အတူ နီးရဖို့ကို သူအလွန်ချစ်ရတဲ့ ကလေးမြေကို မကြာမမြင့်မှီ စွန့်ခွါပြီး သွားရတော့မည်ကို သိပေမယ့် နာငါးနာအားဖြင့်တွေးကာ အရင်လို သူစိတ်မကောင်းမဖြစ်တော့။
“ဓမ္မ အဆွေများ အမောပြေကာ အစ ဉ်ခိုင်ခန့်စေဖို့ ”
နာမတော်မြတ်၌
Samuel Soe Lwin
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...