ပန်းတိုင်းပွင့်၍ရနံ့လှိုင်စေ - ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ

Breaking

Home Top Ad

ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့ (ဆာလံ၊ ၃၄:၈)

Post Top Ad

ဘဝအလင်းပေးသော နှုတ်ကပတ်တော်(ဆာလံ၊ ၁၁၉:၁၀၅)

Monday, July 2, 2012

ပန်းတိုင်းပွင့်၍ရနံ့လှိုင်စေ

 
 
 
 
 
 
 
ပွင့်လင်းရိုးသားစွာဝန်ခံရပါက သူ၌အကျင့်ဆိုးတစ်ခုရှိသည်။

လက်ဖြင့်ရေးသော စာရွက်စာတမ်းများကို စနစ်တကျ သိမ်းဆည်းထားလေ့မရှိသည့်အကျင့်ပါ။
 
ယခုလည်း ဓမ္မပညာ (B.Th) ဆည်းပူးစဉ်က အသုံးပြုခဲ့သော အ ဝတ်သေတ္တာကို ပြန်လည်
လှန်လှောနေမိစဉ်၊ ထိုသံသေတ္တာကလေး၏ အတွင်းအံဝှက်မှာ အမှတ်မထင် ကျန်ရစ်ခဲ့သော စာရွက်ဟောင်းလေးတစ်ရွက်ထွက်လာသည်ကို တွေ့လိုက်ရခြင်းပါ။
နွေဦး စာရွက်ကို တစ်ချုက်ကြည့်လိုက်ပြီး တွေဝေစွာဖွင့်ဖတ်လိုက်မိသည်။

သို့/

ဆရာနွေဦး
ဆရာ… မကြာမကြာပြောခဲ့သလိုပဲ၊ ဆရာ့ရဲ့သင်ကြားပေးမှုကြောင့် အခုဆိုရင် ကျွန်မ အင်္ဂလိပ်စာကိုကောင်းကောင်းရေးဖတ်တတ်နေပါပြီ။ ပညာအခြေခံအားနည်းသူများအပေါ်မှာ လှောင်ပြောင်ထေ့ငေါ့ခြင်းခြင်းမပြုဘဲ ညာဏ်ပညာကိုလိုလျှင် တောင်းပါ။ ကဲ့ရဲ့ခြင်းကို ပြုတော်မမူတဲ့ ဘုရားစကားတော်များဖြင့် ကျွန်မတို့ကို သွန်သင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါ တယ်။

ကျေးဇူးတင်လျှင်
ခင်မေဝင်း

ရှမ်းပြည်နယ်မှ မိမိပြန်ထွက်လာချိန်က၊ အမှတ်မထင်ထည့်ထားခဲ့မိသော ထိုစာရွက်ကလေးက ဟောင်းနွမ်းလျက် ညိုညစ်ညစ်ဖြစ်နေလေပြီ။
စာရွက်ဟောင်းလေးကို ပြန်မခေါက်မိသေးဘဲ၊ ဆက်လက်ကိုင်ထားရင်း “နွေဦး”၏ အတွေးတွေက နေ့လည်ခင်းက မပြတ်သေးသည့် အတွေးရေယာဉ်ကြောထဲ ဆက်လက်စီးမျောသွားလေသည်။
===================

“ဆရာနွေဦးရေ ….ဖုန်းလာတယ်”
“သြော်…အေး…အေး..”
ရုံးစားပွဲမှထလိုက်ပြီး. . .  နွေဦး ဖုန်းထားရာသို့ ခပ်သွက်သွက်သွားလိုက်သည်။ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးသောကြောင့် ဦးစွာ နှုတ်ခွန်းဆက်လိုက်သည်။
“ဟလို…. အမိန့်ရှိပါခင်ဗျာ”
“ငါစိုင်းထင်ကျော်ပါကွာ”
“သြော်….မှတ်မိပြီ…မှတ်မိပြီ… အခုလိုဖုန်းဆက်တဲ့အတွက်ကျေးဇူးတင်တယ်ဗျာ”
“မလိုပါဘူးကွာ….ငါ…မင်းကို ဝမ်းသာစရာစကားပြောချင်လို့ပါ”
“ပြောပါ…ကျွန်တော်နားထောင်နေပါတယ်”
ကျောင်းနေဖက် စီနီယာဆရာတစ်ဦးဖစြ်သည့် ရှမ်းပြည်နယ်သား ဆရာစိုင်းထင်ကျော်နှင့် အပြန်အလှန်ပြောကြရာ ဆယ်မိနစ်ခန့်ပင်ကြာသွားခဲ့သည်။ ထို့နောက် အချင်းချင်း ဘုရားသခင်၏သာသနာအကြောင်း မာသာကြောင်း သာကြောင်းစကားကို ခွန်းတုံ့ဖလှယ်ရင်း ဖုန်းချလိုက်သည်။

===================

ဖုန်းချလိုက်ပြီးသည်နှင့်….နွေဦး တစ်ယောက် ဘုရားသခင်ကို အထူးကျေးဇူးတော်ချီးမွမ်းနေမိသလို၊ တစ်ဖက်တွင်လည်း ရင်ထဲ၌ သို့လောသို့လောနှင့် လွတ်လပ်စွာ အတွေးနယ်ချဲ့နေမိတော့သည်။

တစ်ချိန်က သူ…စာသင်ပေးခဲ့သော (ချင်း+ဓနု) ကပြားမလေး ယုံကြည်သူ ခင်မေဝင်း သည် ဓမ္မပညာကို ကောင်းစွာသင်ကြားခံယူပြီးစီးသည့်နောက်၊ သူမ၏ မွေးရပ်ဌာနေမှာပင် အမှုတော်အတွက် ဆက်ကပ်ဆောင်ရွက်နေ၍၊ ယခင်က အမှောင်နယ်မြေဖြစ်ခဲ့သော အရပ်ဒေသသည် ယခုတော့ဖြင့် ဝတ်ပြုကျောင်းဆောင်နှင့်ဖြစ်နေလေပြီ။

အထူးသဖြင့် ခင်မေဝင်း သည် ယခင်က သူမကိုယ်တိုင် ပညာရေးတွင် အားနည်းခဲ့သည့်အတွက်၊ ယခုမူကား အခြားကလေးသူငယ်များအား တစ်ဖန်ပြန်လည်၍ ပညာရေး ဒါနပြုနေကြောင်း၊ ကလေးသူငယ်များသည် ဥပုဒ်စာဖြေသင်တန်းသားများသက် သက်သာမဟုတ်၊ လောကီပညာရပ်နှင့် လောကုတ္တရာ ပညာရပ်နှစ်မျိုးလုံးပါ သင်ကြားခံယူနေကြရကြောင်း . . . . သတင်းများကိုကြားရသောကြောင့် ဝမ်းမြောက်ဖွယ်ရာ ထိုသတင်းတွေကြောင့် နွေဦးကျေနပ် နေမိသည်။

“ဆရာပြောသလို၊ ပညာမတတ်လို့ သင်တာ ရှက်စရာမလိုပါဘူး။ မသိဘဲနဲ့…သိသလိုနေတာကမှ ပိုရှက်စရာကောင်းတာလေ”
“ကျွန်မ…ဓမ္မပညာကို ဆရာတို့လို လေ့လာခွင့်ရချင်လိုက်တာ”
“ဆရာ့ကိုလမ်းပြပေးတဲ့ဘုရားက….ကျွန်မကိုလည်း လမ်းပြပေးမှာပါနော်…ဆရာ”
“တစ်နေ့မှာ..ကျွန်မ ခရစ်တော်အားဖြင့် ဓမ္မပညာကိုလည်းတတ်မြောက်သူ…. ဘုရားအတွက် အစေခံကောင်းလည်းဖြစ်စေရမည်…ဆရာ”
ခင်မေဝင်း ပြောခဲ့သော စကားများကို သူ…တစ်ဖန်ပြန်ကြားယောင်နေမိသည်။ တကယ်တမ်းလည်း သူမသည် တောနယ်ဒေသ၏ပညာရပ်ကိုပင် ဆုံးခန်းတိုင်အောင် လေ့လာ သင်ကြားခွင့်မရခဲ့ရှာပါ။ အချိန်မတန်မီ ကျောင်းမှထွက်ခဲ့ရပြီး၊ ခဲတံ၊ ဘော်လ်ပင်၊ စာအုပ်အစား လယ်ယာကိုင်းတောတွင် ဓါးတို၊ ဓါးရှည်နှင့် ပေါက်ပြား၊ ဂေါ်ပြားတို့ကို ကိုင်တွယ်ကာ ယောကျင်္ားသားများနှင့် ရင်ပေါင်တန်းရုန်းကန်နေခဲ့ရရှာသူပါ။

နွေဦး သာသနာပြုအနေဖြင့် ထိုဒေသတွင် တစ်နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့စဉ်က။ ဘုရားသခင်အတွက် ဆန္ဒပြင်းပြနေသည့် ခင်မေဝင်း အား“ ဖြောင့်မတ်သောသူ၏ တောင့်တသောအကျိုးကို ထာဝရဘုရားပေးတော်မူမည်”ဆိုသည် မိမိကိုင်ဆွဲထားသည် ကတိတော် စကားအတိုင်းကိုယ့်စိတ်နှင့်ခိုင်းနှိုင််းလျက် ပညာရေးကို သင်ကြားပေးခဲ့ခြင်းသာ ဖြစ်သည်။

သူမ၏ မွေးရပ်ဌာနေတွင် ခရစ်တော်၏ ဧဝံဂေလိသတင်းတရားအား ြ့ားနာခွင့်မရရှိသေးသူ များစွာရှိပါသည်။ အမှန်…မညာစတမ်း စစ်တမ်းကောက်ရပါက၊ အချို့သော ခရစ်ယာန်အိမ်ထောင်မိသားစုများမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ခရစ်ယာန်ရဲဘော်များ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းခရစ်ယာန်များနှင့် အကြောင်းပါကာ၊ နှစ်ဖက်ခွနေသည့် မျိုးဆက်များဖြစ်နေတတ်ကြပါသည်။

ခရစ်ယာန်အချို့ရှိနေသော်လည်း၊ ဘာသာခြား၊ လူမျိုးခြားများအကြားတွင် နေထိုင် အသက်ရှင်မှုများမှာ ခြားနားခြင်းအလျဉ်းမရှိသည့်အရပ်ဒေသတွင်၊ မိဘဆွေမျိုး အသိုင်းအဝန်း၏ ဝေဖန်ကဲ့ရဲ့ပြစ်တင်မှုများကို ခံယူလျက်၊ ဓမ္မပညာကို လေ့လာသင်ယူခဲ့ရရှာသည့် ခင်မေဝင်း တစ်ယောက်၊ သူမ…လေးငါးနှစ်ခန့်မျှ ကိုယ်ကျိုးစွန့်ဆက်ကပ်ခြင်းအားဖြင့် ယခုအချိန်တွင်တော့…………

ပျောက်သောသိုးများ အသင်းတော်အတွင်းသို့ ရောက်လာကြပြီ သိုးမည်းများလည်းဖြူစင်လာကြပြီ ၀ိညာဉ်အလင်းကွယ်သူတို့အလင်းရလာကြပြီ ကလေးများလည်းလောကီ၊လောကုတ္တရာနှစ်ရပ်လုံး၏ ပညာရပ်များကိုလည်းခံယူကြရပြီ…
စသည့် သတင်းကောင်းများကို ဆရာစိုင်းထင်ကျော်မှ တစ်ဆင့်ကြားသိခဲ့ရပါပြီ။

သို့သော်………….
“အခုတော့…ဆရာရေ….. ဆရာ့တပည့်က…မယုံကြည်သေးသူ မိဘဆွေမျိုး အသိုင်းအဝန်းတွေကြားမှာ ပိုမိုထိထိရောက်ရောက် လုပ်ဆောင်ချင်လို့ဆိုပြီး၊ အိန္ဒိယကို ဓမ္မပညာသင်ကြားခံယူရန် ထွက်သွားပြီ….ဆရာရေ…..”
ဖုန်းမချမှီ…. ဆရာစိုင်းထင်ကျော် ပြောပြခဲ့သည့်အကြောင်းက နွေဦးရင်ကို ခံစားချက်တစ်မျိုးဖြစ်ပေါ်စေခဲ့လေပြီ…မဟုတ်ပါလား။

==================

သေတ္တာအတွင်းမှတွေ့ရသော စာရွက်ဟောင်းကလေးကို အဓိပ္ပါယ်မဲ့ ကိုင်ငေးကြည့်ရင်း နွေဦး တွေဝေနေမိသည်။
ခင်မေဝင်းတစ်ယောယက် အသင်းတော်ရှိ ယုံကြည်သူ သိုးတော်စုအား အဘယ်သို့ စီမံခန့်ခွဲထားခဲ့၍ အဘယ်သို့သော သိုးထိန်းအား ကိုယ်စားထားခဲ့လေသနည်း ဆိုသည်ကို ကိုယ့်ဘာသာ မေးခွန်းထုတ် ချိန်ဆနေမိသည်။

ဘာ့ကြောင့် …..ဓမ္မပညာကို ဆက်လက်လေ့လာရန် ဆုံးဖြတ်သွားခဲ့သနည်း။
ဘုရားသခင်၏ စေခိုင်းမှုကြောင့်လား။
အခြားအခြားသော စေ့ဆော်မှုကြောင့်လား။
သူမသိနိုင်ပါ။
သူမနှင့် ဘုရားသခင်သာ ကောင်းစွာသိပေမည်။
သို့တိုင်အောင် သူ့ရင်တွင်းမှာ ဆုတောင်းပေးမိသည်ကား-
“ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း ရနံ့လှိုင်ပါစေ”ဟူ၍သာ…..။


နာမတော်မြတ်၌

ဆယ်မြူရယ်စိုးလွင်

No comments:

Post a Comment

စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...

Post Bottom Ad

ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏ (ဆာလံ၊ ၂၃:၁)

Pages