”မြောက်ဥက္ကလာ၊
ခေမာသီ၊ ကြိုးတံတား. . . ဆရာရေ အစ်ကိုတစ်ယောက်လိုက်မယ်”ပြောပြောဆိုဆိုကားစပါယ်ယာစကားဆုံးသည်နှင့် ၁၀၃ ကားအပြာလေးပေါ်သို့ ဆင်းမည့်သူအားစောင့်လို့အပြီး အလျှင် အမြန် တက်လိုက်သည်။
”အန်တီ သည်မှာထိုင်လိုက်လေ”
”အော်. . . ဆရာပါလား၊ ဆရာထိုင်လေ”
”မဟုတ်ပါဘူး အန်တီထိုင်ပါ၊ ခဏနေ သမိုင်းရောက်ရင် နေရာပြန်ရမှာပဲ”
”ကျေးဇူးပဲဆရာ”
အမှန်တကယ်တော့ ထိုအန်တီသည် သူအပါတ်စဉ်ကြာသပတေးနေ့တိုင်းသွားနေသော မိတ်မသဟာယမှ ဖြစ်သည်။ ယုံကြည်သူ မိသားစုမှ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေးမညီညွတ်ရာမှ ဘုရားသခင်အထံတော်သို့ ပြန်လည်ရောက်ရှိလာသူဟု ဆိုက လည်းမမှား။ လှိုင်သာယာ-ကြိုးတံတားကားသည် အခါတိုင်းသည်အချိန်ဆိုရင်ဖြင့် လူပြည့်နှက်နေတတ်သည်သာ။ သို့သော်လည်း ယနေ့ မရမ်းကုန်း အထကကျောင်းသား၊ ကျောင်းသူလေးများကလည်း ကျောင်းချိန်နောက်ကျ၍ထင်သည်ပေါ်မလာကြသေးသဖြင့် ခုံစေ့လူစေ့ ဖြစ်နေခြင်းသာ။ မိမိသည်လည်းတစ်နေ့တာ၏အငန်းအတာများအပေါ်တွင် ဘုရားသခင်ပြုတော်မူသည့် အမှုအရာများအား ရေတွက်ရင်း ၁၀၃ ကားလေး ပေါ်တွင် မိမိယုံကြည်သူနှင့်ပင် စကားမပြောဖြစ်ပဲ စီးနင်းလိုက်ပါနေမိသည်။
” နဝဒေး . . . ငါးလမ်း . . .”
”ငါးလမ်းပါတယ်”
ကားစပါယ်ယာ၏ စကားကို မိမိယုံကြည်သူဖြစ်သူထံမှ အသံထွက်ပေါ်လာချိန်မှပင် သူပြန်လည်ပြီးတော့ နှုတ်ဆက်ရန် အသိဝင် လာတော့သည်။
''ကြာသပတေးနေ့မှာတော့ ပုံမှန်ပဲလာမယ်နော် အန်တီ''
''ဆက်ဆက်လာခဲ့နော်ဆရာ၊ ကျွန်မတို့စောင့်နေကြမှာ''
''ဟုတ်ကဲ့ဆက်ဆက်လာခဲ့ပါ့မယ်''
''ကျေးဇူးပဲဆရာငါးလမ်းတွင် နှုတ်ဆက်ပြီး အန်တီထွက်ခွါသွားသည်နှင့် မိမိလည်းမိမိနေရာကို အနည်းငယ်နောက်ပိုင်းသို့ ပြောင်းရွေ့ ထိုင်လိုက်သည်။ ထိုအခိုက်-
''အဲ့သည်အန်တီကလေး ကင်ဆာရောဂါဖြစ်ခဲ့တာနော်''
''ဟယ်. . . သူ့ပုံကမတူဘူးနော်''
''အင်း . . . ကျန်းကျန်းမာမာပုံပဲ''
''ဟုတ်တယ်. . . သူက သူ့ရောဂါကို ဘုရားကုကုလိုက်တာလေ''
''ဘယ်လို . . . ရှင်းရှင်းပြောစမ်းပါဟယ်''
''သူက ကင်ဆာရောဂါဖြစ်မှန်းသိသွားတော့ နောက်ကျသွားပြီလေ။ ဒါပေမယ့် အဲ့သည်အချိန်မှာ ဘုရားအတွက် သူ့ဘဝကိုပုံအပ်ပြီး ဆုတောင်းခြင်း၊
ကျမ်းစာဖတ်ခြင်းနဲ့ ဘုရားကု ကုလိုက်တာအခုမြင်တဲ့အတိုင်းပဲပြန်ကောင်းသွားတာ''
မိမိယုံကြည်သူနှင့် ကောင်းစွာသိကျွမ်းရင်းနှီးပုံရသော အမျိုးသမီးငယ်လေးမှ ဘေးရှိအပေါင်းအပါ အမျိုးသမီးခပ်ကြီးကြီးနှစ်ယောက်ကို သက်သေခံ
ရှင်းပြနေခြင်းဖြစ်ပြီး၊ အခြားအမျိုးသမီးကြီးနှစ်ဦးမှလည်း ''နားရှိ၍ကြားရသည်၊ မျက်စိရှိ၍ မြင်ရသည်'' သိပ်တော့ မယုံချင်သည့် အနေအထားမျိုးရှိနေကြသည်။
ထိုအခိုက်မှာပင်အမျိုးသမီးငယ်လေးက-
''အင်းနော် . . . ကျွန်မတို့ကျတော့လည်း မိဘမျိုးရိုးလိုက်က ခရစ်ယာန်ဖြစ်ပေမယ့် သူ့လိုကျတော့လည်းမခံစားရဘူး''
''အင်း . . . နင်ကပြောလိုသာ ကင်ဆာရောဂါခံစားခဲ့ရသူဆိုတာငါတို့လက်ခံလိုက်ရတယ်ဟယ်''
အဆုံးတွင် ပြောသူကပြော၊ လက်တွေ့တွင်လည်း မြင်နေကြရသည့်အခါမှာ သူတို့အားလုံးကျေနပ်စွာဖြင့် ဘုရားကု ကုသသည်ဆိုသည်ကို ကောင်းကောင်း
လက်ခံသွားကြသဖြင့် မိမိလည်း မိမိဆင်းမည့်မှတ်တိုင်ကို မကျော်သွားရန် သတိပြုလိုက်မိတော့သည်။
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...