“ဟေ့.. အရူးမ.. ဘယ်သွားမလို့လဲ”
“ရွာထဲသွားမလို့ပါ”
“ရွာထဲသွားမလို့ပါ”
ပေါက်ကျော်မ၏ အမေးစကားကို သူမ အလိုက်သင့် ဖြေရင်း ထွက်လာခဲ့သည်။ ဇာတ်လမ်းက သည်မှာတင် မရပ်ခဲ့ပါ။ အကင်းပါးသော သူမ နားစွန်နားဖျား ကြားလိုက်မိသည်။ ပေါက်ကျော်မ ဘေးမှ ခပ်ဝဝ အမျိုးသမီးဖြစ်သူက ပေါက်ကျော်မကို တီးတိုးမေးလိုက်သည်မှာ..
“ဟယ် ပေါက်ကျော်မ အဲ့ဒီအမျိုးသမီးက အရူးလား။ ဟယ် မဖြစ်နိုင်တာ ဝတ်တာစားတာက၊ နေတာထိုင်တာ၊ ပြောတာ၊ ဆိုတာလေးက နင်တို့ငါတို့ထက်တောင် ဣန္ဒြေ ရသေးတယ်။ နောက်ပြီး ယ ဉ်ယ ဉ်လေး ရူးဆိုတဲ့ အထဲမှာလည်း အဲ့ဒီ အမျိုးသမီး မပါလောက်ပါဘူး”ဟူ၏။ စိတ် ရွှေတွေ အပြည့် လင်းလက်နေသော အမျိုးသမီးကြီး၏ စကားကို ပေါက်ကျော်မ ဘယ်လိုပြန်ဖြေမည် ဆိုတာကိုတော့ သူမ ကြားနိုင်ချေ မရှိတော့။ စကားသံတို့က နောက်မှာ ကျန်ရစ်ခဲ့လေသည်။
———————————————————————————————————
ရွာလယ်ရှိ တံတားလေး ကျော်လာလျှင် နှစ်ထပ်အိမ်လေးကို လှမ်းမြင်နေရသည်။ သူမ လာနေသည်ကိုတွေ့လျှင် အဆိုပါ အိမ်ရှေ့ မြေသလင်းတွင် ကစားနေကြသော ကလေးတစ်သိုက် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
“ဟေ့ ဆရာမ လာပြီ”
“ဟာ ဌေးဝင်း မင်း ရှုံးတိုင်း အဲ့လို မထွက်ရဘူး”
“ မဟုတ်ရပါဘူးကွာ နောက်မှ ပြန်ဆော့မယ်၊ ဆရာမ လာတာ သွားကြိုရအောင်”
တစ်ယောက်တစ်ခွန်း ဆူညံသံတွေနှင့်အတူ ကလေးတွေ သူမ အနားသို့ ရောက်လာကြကာ၊ ဘယ်တဖက် ညာတဖက် သူမ လက်ကို ဆုပ်ကိုင်ကြရင်း အိမ်မကြီး ရှိရာသို့ ခေါ်ဆောင်သွားကြသည်။ သူမ ရင်မှာ အတိုင်မသိ အေးချမ်းနေမိသည်က အမှန်။
အိမ်ရှေ့ရှိ ခွေးခြေခုံလေးတွင် ထိုင်ရင်း နာရီကို တစ်ချက်ငုံ့ကြည့်လိုက်သည်။ ရှစ်နာရီ နှစ်ဆယ်။ အချိန်စောသေးသည်မို့ နာရီဝက်ခန့် ဆရာ စောရန်အောင်၏ ဇနီးဖြစ်သူနှင့် စကားစမြည် ပြောနေမိသည်။ ကိုးနာရီ ထိုးရန် ငါးမီးနစ်အလိုမှာတော့ သူမ ကလေးတွေကို စုစည်းကာ Sunday School သင်ရန် အစပြုလိုက်သည်။
———————————————————————————————————
“ လိပ်ပြာကလေး။ ယိမ်းက လို့နေတယ် ဘယ်သူဖန်ဆင်းလည်း သိရဲ့လား။ လိပ်ပြာကလေး ယိမ်းက လို့ နေတယ် ဘယ်သူဖန်ဆင်းလည်း တို့သိတယ် ဟိုး မိုးကောင်းကင် နန်းထက်ကအိမ် ဆောက်လုပ်နေသူ ဘုရားရှင် ဖန်ဆင်းတယ်”
ဂုဏ်တော် သီချင်းလေးကို တစ်ပိုဒ်ပြီး တစ်ပိုဒ် သူမ အားရပါးရ အမူအရာနှင့် သင်ပေးတော့ ပျော်ရွှင်နေသည့် ကလေးတွေက သူမနှင့် အတူတကွ အားရဝမ်းသာစွာ အပြိုင် ဆိုဖြစ်ကြသည်။ ပြီးလျှင် ရွှေကျမ်းချက်ကို ရှင်ယောဟန် ၃း၁၆ ကို သင်ပေးသည်။ ပုံပြင်ကိုတော့ “လူသားများ အတွက် ကယ်တင်ခြင်း” ခေါင်းစ ဉ်ဖြင့် သင်ပေးရင်း ကြည်နူးနေမိသည်။
“ဆရာမ သားတို့ နောက်တစ်ပတ်ကျရင် ညီ၊ ညီမလေးတွေလည်း ခေါ်လာမယ် နောက်ပြီး စောစော လာခဲ့မယ်နော် ဆရာမ”
လောကကြီး၏ အတ္တ၊ မာနဖြင့် ဘောင်ခတ်ခြင်း မခံရသေးသော ကလေးတွေ Sunday School အပြီး တစ်ယောက်တစ်ခွန်း နှုတ်ဆက်ကာ ထွက်သွားကြ လေသည်။
———————————————————————————————————
အိမ်ပြန်ရောက်တော့ သူမ အဝတ်အစားကိုပင် မလဲသေးပဲ၊ တစ်ကိုယ်တည်း အတွေးနယ်ချဲ့နေမိသည်။
“ အေး နင်ဟာလေ သူများထက် ထူးပြီး တောင်ထိပ်မှာ ကြာ ပေါက်ချင်တဲ့ သူပဲ။တစ်ရွာလုံးနဲ့ တစ်ယောက်မှာတောင် နင်က နင့်ကိုယ် နင်ပဲ မှန်တယ်လို့ ထင်နေသေးသလား။ ဒေါ်ရွှေညို ဟင်း. ဟင်း. ငါလေ မပြောလိုက်ချင်ဘူး”
“အညို၊ နင်လုပ်တာကို ငါ့အနေနဲ့ ဘာမှ မတားလိုပါဘူး။ ဒါပေမဲ့ ဒီရပ်ဒီရွာမှ ာနေရင်တော့ ဒီရပ်ဒီရွာရဲ့ ဓလေ့အတိုင်း ကာလံဒေသံ ဆိုတာ ကြည့်တတ်ရမယ်။ အဲ့လို မဟုတ်ရင်တော့ နင်အရူးပဲ ဖြစ်သွားလိမ့်မယ်။ စာတတ်ပေတတ် ဖြစ်ခဲ့သမျ အခုတော့ ဒီပညာတွေကို ဘယ်မှာ ထားလိုက်တာလဲ မိရွှေညို”
တစ်ယောက်တစ်ခွန်း ပြောခဲ့ကြသော စကားတွေကို သူမ ပြန်ပြီးကြားယောင်နေမိသည်။ သူမ ကောလိပ် တက်နေစဉ် M.Sc နောက်ဆုံးနှစ်မှာ ဧဝံဂေလိတရားကို ကြားနာ ခံယူရပြီး၊ ယေရှုခရစ်တော်ကို ယုံကြည်ကိုးကွယ် လာခြင်းကြောင့် “အရူးမ” ဟုပြောဆိုခံခြင်းဖြစ်သည်။ အမှန်မှာ သူမသည် ယခင်အတိုင်းပင် ရိုးရာအမွေ ယ ဉ်ကျေးမှုကိုလည်း ယ ဉ်ကျေးစွာ လက်ခံကျင့်သုံးမြဲဖြစ်ပါသည်။ သူမ ကြားဘူးခဲ့သော ပုံပြင်ထဲကလို “အများ မိုးခါးရေ သောက်တော့ ကိုယ်လည်း သောက်သင့်တယ်”ဟု အားငယ်စိတ်ဖြင့် အဆုံးအဖြတ် မှားပြီး ရူးသွားသည့် ရှင်ဘုရင် နေရာကို ရောက်နေရသော်လည်း ထိုဘုရင်လိုတော့ မိုးခါးရေကို မသောက်လိုပါ။
“ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ ညှင်းဆဲ၍၊ မမှန်ဘဲလျှက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာ ရှိကြ၏။”
ညင်သာစွာ ထွက်ပေါ်လာသော ထိုစကားအသံတော်ကြောင့် သူမ စားပွဲပေါ်ရှိ သမ္မာကျမ်းစာအား အမြန် လှန်လှောလိုက်မိသည်။ တွေ့ပြီ။ ရှင်မဿဲ ၅း၁၁ မှာတွေ့ရပြီးနောက် သိမ်ငယ်မိသော အပြစ်၊ တွေဝေခြင်း အပြစ်တွေအတွက် ဘုရားရှင်ထံမှာ တောင်းပန် ဝန်ချလိုက်သည်။ သူမ တည်ကြည်သော ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ ထိုဆုံးဖြတ်ချက်က သူမ ရင်ထဲမှာ တွန်းအားတစ်ခု ဖြစ်ပေါ်လာစေသည်။
“ပုထုဇနော ဉမ္မဿကော လူတိုင်းဟာ အရူးတဲ့။ ဘုရားရှင်ရဲ့ ရှေ့မှောက်မှာ အပြစ်ကျူးလွန်ခဲ့ကြတဲ့ လူတွေဟာ အရူး ဆိုတော့ ကျွန်မလည်း အရူး ပါပဲ”
“ ဟုတ်ပါတယ်ရှင့် ကျွန်မ ရွှေမိညို အရူးမ ပါ၊ ဒါပေမဲ့ ဘောဂ ရူး မဟုတ်သလို၊ တဏှာ ရူး၊ လောဘ ရူး၊ ဒေါသ ရူး၊ မောဟတွေနဲ့ ယ ဉ်ယ ဉ်လေး ရူးတဲ့သူ လည်း မဟုတ်ပါ။ အရူးထဲက တစ်မျိုး ထူးကဲမြတ်တဲ့ ဘုရားရူး ပါရှင့်။ ကျွန်မ ကျေကျေနပ်နပ်ကြီး “အရူးမ”လို့ ခေါ်ဆိုခြင်းကို ခံပါတော့မယ်၊ ကိုယ်တော်ရယ်”
———————————————————————————————————
အချိန်အတိုင်းအတာ တစ်ခုထိတော့ ကြာသွားသည်၊ တစ်ချိန်က သူမ စာကြည့်စားပွဲပေါ်မှ နှုတ်ကပါတ်တော်ကို ကိုင်ဆွဲရင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကြောင့်၊ နှစ်တွေကြာလာတော့ “အရူးမ အရူးမ” ဟူ၍ သူမကို ခေါ်ဆို လှောင်ပြောင်ကြသော သူတွေသည် ယခု့တော့ သူမနှင့် အတူတူ ပြုံးပျော်လျှက် ရှိနေကြပါပြီ။
ဓမ္မအဆွေများ ဘဝအမောပြေ၍ ခိုင့်ခံ့နိုင်ကြပါစေ။
ဓမ္မအဆွေများ ဘဝအမောပြေ၍ ခိုင့်ခံ့နိုင်ကြပါစေ။
နာမတော်မြတ်၌
Samuel Soe Lwin
Samuel Soe Lwin
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...