သမ္မာကျမ်းစာတွင်လူသားများနှင့်
စပ်လျှဉ်း၍ အပြစ်၏သဘောသဘာဝကို နှစ်မျိုးနှစ်စားဖေါ်ပြထားပါသည်။ ၄င်းတို့မှာ-၁။ ဗီဇအပြစ် (Sin)။
ထိုနှစ်မျိုးနှစ်စားတွင် လူတိုင်းသိတတ်၊ မြင်တတ်၊ ပြောတတ်ကြသည်မှာ အမှတ် ၂ ဖြစ်သော ဒုစရိုက်အပြစ်ကိုသာ ကြည့်မြင်တတ်ကြပြီး၊ ဗီဇအပြစ်တည်းဟူသော မွေးရာပါအပြစ်ကို သတိမမူမိကြသလို၊ အရေးတယူလည်းသိပ်မလုပ်ကြပါ။
“အကယ်စင်စင် အကျွနုပ်သည် မွေးစကပင်အပြစ်ပါလျှက်ရှိပါ၏၊ အမိဝမ်းတွင် ပဋိသန္ဓေစွဲစဉ်ပင် အပြစ်ပါလျှက်ရှိပါ၏” (ဆာလံ၊ ၅၁း၅) ဟုသမ္မာကျမ်းစာတွင် ရှင်းရှင်းလင်းလင်းဖေါ်ပြထားပါသည်။ ထိုအပြစ်တရားသည်ကား ရှင်းလင်းစေရန် သာဓကဖြင့် ပြဆိုရပါက လူသည် ရွေးချယ်ခွင့်မရှိ လူရယ်လို့ဖြစ်လာသည်နှင့် မွေးရာပါအဖြစ် အပြစ်တရား ( လောဘ၊ ဒေါသ၊ မောဟ) တရားတို့သည် အမိ ဝမ်းတွင်းမှ အမွေဆက်ခံပြီး သည်လောကတွင် ရောက်ရှိလာကြရသည်။ ထိုအပြစ် ဗီဇသဘောသဘာဝသည် မည်ကဲ့သို့သော ကုသိုလ်၊ ကောင်းမှု၊ အကျင့်၊ သီလ၊ တရားတော်တို့ကို စောင့်ထိမ်းခြင်းအားဖြင့် ပပျောက်မသွားနိုင်သော အကြောင်းတရား ရင်းမှန်ပင်ဖြစ်သည်။
အကြောင်းတရားမှာ ကနဦး လူသားတို့သည် ဘုရားသခင်အားလွန်ကျူးရာမှ အပြစ်တရားကို စတင်ချိုးဖေါက်ခဲ့ပါသည်။ ထို့အတွက် အာဒံနှင့် ဧဝမှ ဆင်းသက်လာသော လူသားအားလုံးတို့သည် “ဘမျိုးဘိုးတူ” ဆိုသည့်အတိုင်း “ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင် ၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏” (ရောမ၊ ၅း၁၂)။ ဟုအတိအလင်းဆိုထားပါသည်။ ထို့ကြောင့် ဤအကြောင်းတရားဖြစ်သော ဗီဇအပြစ်တရားသည် လူတိုင်းရွေးချယ်ခွင့်မရှိ မိစဉ်ဖဆက်မှ ဆင်းသက်လာသောဖြစ်သည်။
“အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ။” (ရောမ၊ ၃း၂၄)။
၂။ ဒုစရိုက်အပြစ် (Sins)။
လူတိုင်းသိသော ဒုစရိုက်အပြစ် (Sins) ကိုကား လူတို့သည် လက်ခြေတို့ကိုမလှုပ်မယှက်ဖြင့် တားဆီးခြင်း၊ နှုတ်ကိုပိတ်ကာ ဝစီပိတ်ကျင့်ခြင်းတို့ဖြင့်စောင့်ထိမ်းနိုင်သောကြောင့် လူမြင်သူမြင်ဖြစ်သော ဒုစရိုက် (Sins) အပြစ်ကို တားဆီးနိုင်ပါသည်။
သို့သော်လည်း လူတို့မမြင်တတ်သော်လည်း အနန္တတန်းခိုးတော်ရှင် ဘုရားသခင်သည်ကား လူတို့၏ စိတ်နှလုံးကို အစဉ် သိမြင်တတ်သောကြောင့် ဝစီကံ၊ မနောကံ၊ ကာယကံ စသည်တို့မှ ပြုလေသမျှအလုံးစုံတို့ကိုသိမြင်လျှက်ရှိပါသည်။ အကြောင်းမှာ လူသည် မည်သို့ပင် ကာယကံ၊ ဝစီကံတို့ကို ထိမ်းသိမ်းထားနိုင်စွမ်းရှိသော်လည်း “လူ့စိတ်သည် မျောက်စိတ်နှင့်တူ၏” ဟူသော စကားပုံအတိုင်း မကောင်းမှုတွင်သာ ကျင်လည်နေတတ်ကြသည်ကို သမ္မာကျမ်းစာ၌ “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူ သိနိုင်သနည်း။” (ယေရမိ၊ ၁ရး၉) ဟုအတိအလင်း ဆိုထားပါသည်။
၃။ အပြစ်တရား၏ရလဒ်။
၃။ အပြစ်တရား၏ရလဒ်။
ထို့ကြောင့်လူတို့သည် ဒုစရိုက်အပြစ်တရားအား အတတ်နိုင်ဆုံးကျင့်နိုင်သည်ဟုဆိုသော်လည်း ဘုရားသခင်သည် အပြစ်တရား၏ အဖိုးအခအဖြစ် သေခြင်းတရားဖြစ်ကြောင်း “အပြစ်တရား၏အခကား သေခြင်းပေတည်း” (ရောမ၊ ၆း၂၃)ဟုဆိုထားပါသည်။ ထိုသို့ဆိုရာတွင် ပင်မအရင်းအမြစ်ဖြစ်သော ဗီဇအပြစ်တရားမွေးရာပါကိုသာ ဦးတည်နေခြင်းဖြစ်ပါသည်။ အကြောင်းမှာ ဖြစ်ပျက်လာသော ဒုစရိုက်အပေါင်းတို့သည် ဗီဇတည်းဟူသော အကြောင်းတရားမှ အရင်းခံအမြစ်တွယ် ကာ အချိန်တန်သောအခါ၌ “အပင်” “အရွက်” “အပွင့်” “အသီး” စသည်ဖြင့် တစ်ဆင့်ခြင်း ကြီးထွားကာ ရှင်သန်အခက်ဝေစေသောကြောင့်သာဖြစ်သည်။
“ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့်သော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။” (ဂလာတိ၊ ၅း၁၉-၂၁)
၄။ အပြစ်တရားအတွက်အဖြေ။
ထိုသို့လူတို့သည် အပြစ်တရားနှင့်စပ်လျှဉ်း၍ ဗီဇအပြစ်၊ ဒုစရိုက်အပြစ်ဆိုပြီး နှစ်မျိုးရှိသည့်အနက် မည်သို့သော အခြေအနေအပြစ်အမျိုး အစားပင် ဖြစ်နေပါစေ။ ဘုရားမပါဘဲ မိမိအစွမ်းအစဖြင့် တမလွန်နောင်ရေးကို အလွတ်ရုန်းနေပါက “အပြစ်သံသရာဝဲသြဃ”တွင် ဆုံးစမထင် နစ်မွမ်းနေကြ ရမည်သာဖြစ်သည်။ ထို့အတွက် ခရစ်တော်ဘုရားက အပြစ်ရှိသော လောကီလူသားများအတွက် လူ့ဇာတိကိုခံယူကာ ဖွားမြင်သန့်စင်ခြင်းကို ယူဆောင်လာသော အခါသမယအား ခရစ္စမတ် (ဘုရားနှင့်လူပေါင်းစည်းရေး) ကာလဟု သမိုင်းတွင် ထင်ရှားစေခဲ့သည်။
ထို့ကြောင့် အပြစ်တရားအတွက် အပြစ်ကြွေးယတြာကိုပေးချေတော်မူခဲ့ပြီး၊ သေခြင်းမာရ်ကိုအောင်မြင်တော်မူခဲ့ပါသည်။ ထို့အတွက်လည်း ခရစ်တော်ယေရှုဘုရားက “ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတိို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်” (ယောဟန်၊ ၁၁း၂၅-၂၆) ဟုမိန့်တော်မူခဲ့ပါသည်။
ချစ်သောစာရှုသူအတွက် လူသားများသည် အပြစ်တရားမှ လွတ်ငြိမ်းရန်အရေးသည် ခရစ်တော်ဘုရားတစ်ပါးတည်းသာလျှင် လူသားများ အတွက် အဖြေဖြစ်ပါသည်။ ထို့ကြောင့် ခရစ်တော်ဘုရားက “ငါသည်လမ်းခရီး၊ သမ္မာတရား၊ အသက်လမ်းဖြစ်၏ ငါ့ကိုအမှီမပြုလျှင် အဘယ် သူမျှခမည်းတော်ထံသို့မရောက်ရ”(ယော၊ ၁၄း၆) ဟုမိန့်ဆိုထားပါသည်။လောကီလူသားများ၏ အပြစ်တရားအတွက်အဖြေရှင်သည် ခရစ်တော်ဖြစ်တော်မူသောကြောင့် ထိုယေရှုခရစ်တော်ဘုရားအား လက်ခံ ယုံကြည်ခြင်းဖြင့် ယခုဘဝ၊ နောင်တမလွန်ဘဝအတွက် ရတတ်အေးကာ ဘဝခရီးနှင်နိုင်ကြပါစေကြောင်း သတင်းကောင်းပါးအပ်ပါသည်။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...