ကျွန်တော်တို့လူသားများအတွက် သမ္မာကျမ်းစာကို ဘုရားသခင်သည် ပေးသနား တော်မူထားသည့် အားလျှော်စွာ သမ္မာကျမ်းစာကိုလေ့လာရာတွင် လူသားများ အတွက် ထားရှိသော ဘုရားသခင်၏ ကယ်တင်ခြင်း စီမံကိန်းကို ရှင်းလင်းစွာမြင်တွေ့ရပါသည်။
သို့သော်လည်း ဘုရားသခင်၏ စီမံကိန်းကို တစ်ထိုင်တည်းဖြင့် ပြည့်ပြည့်စုံစုံသိရှိရန်ကား မပြည့်စုံဟု ဝန်ခံရပေလိမ့်မည်။ အကြောင်းမှာ “ပုဒ်အနက် ချဲ့ဖွင့်ကဋီကာ” ဆိုသည့် စကားအတိုင်း ချဲ့ထွင်လေ့လာပါက လေ့လာသလောက် ချဲ့ထွင်သလောက် ချဲ့ထွင်လေ့လာနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် အကျဉ်းချုံ့ကာ ရိုးရှင်းစေရေး အောက်ပါအတိုင်းလေ့လာသွားပါမည်။
၁။ ကာလအစဉ်အဆက်မှစီမံကိန်း။
ဘုရားသခင်သည် ကျွနု်ပ်တို့ ခေတ်ကာလအားဖြင့် တိုင်းတာကြည့်ပါက အာဒံ မှသည် အာဗြဟံ၊ အာဗြဟံ မှသည် မောရှေ၊ မောရှေမှသည် ခရစ်တော်ဘုရားဘုရားလက်ထက်တော်အထိ ဘုရားသခင်သည် နည်းမျိုးစုံဖြင့် လူသားများအတွက် ကယ်တင်ခြင်းလမ်းကို ဖွင့်ပေးတော်မူခဲ့ပါသည်။
ထိုသို့ဖွင့်ပေးတော်မူသောကယ်တင်ခြင်းလမ်းတွင် “ပညာတ်တော်” တနည်း “အကျင့်တရား” အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရှိသွားသူဟူ၍ တစ်ဦးတစ်လေမျှမတွေ့ရပါ။ အကြောင်းမှာ ယုံကြည်ခြင်း၏ ဖခင် ဖြစ်သော အာဗြဟံသည် အကျင့်တရားအားဖြင့် မဟုတ် ဘုရားသခင်အားကိုးစားခြင်းအားဖြင့်သာ ဖြောင့်မတ်ခြင်း ကိုရရှိခဲ့ရပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် အဓိကအခြေခံထားသည်မှာ “ပညာတ်တော်” တနည်း “အကျင့်တရား” အားဖြင့် လူသည် ကယ်တင်ခြင်းရသည်ဟူသော မှတ်တမ်းတင်ထားခြင်းမျိုးကို မတွေ့မမြင်ရပါ။
ထို့ကြောင့်လည်း “The just shall live by faith” ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု အကြိမ်ကြိမ်တွေ့ရပါသည် (ရောမ၊ ၁း၁၇၊ ဟေဗြဲ၊ ၁ဝး၃၈)။ ခေတ်ကာလအဆက်ဆက် တွင်ဘုရားသခင်သည် “ငါတို့သည်ကား နွယ်တော်သားပင် ဘုရားမျိုးပင်ဖြစ်ကြလေ၏” ဆိုသည့်အတိုင်း ဘုရား အနွယ်ဝင်ဖြစ်သော (တမန်၊ ၁ရး၂၈) လောကီလူသားများအတွက် ကယ်တင်ခြင်းလမ်းကို ဖွင့်ပေးရာတွင် ကျေးဇူးတော်တည်းဟူသော အရာပေါ်တွင် အခြေခံထားပါသည်။ ထိုကျေးဇူးတော်ဆိုသည့်အရာမှာ ဘုရားသခင် အထံတော်မှ မစခြင်း၊ ဖေးကူခြင်းသက်သက်တည်းဟူသော ဘုရားကိုယုံကြည်ကိုးစား ပုံအပ်ရာမှ ဖြစ်လာသော ယနေ့အများသုံး “ယုံကြည်ခြင်း” တရားအားဖြင့်သာ ကယ်တင်ခြင်းကိုရောက်ရှိကြရပါသည်။
ထို့ကြောင့်လည်း သမ္မာကျမ်းစာတွင် “သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာ ခြင်းသည်လည်း ဘုရားသခင်၏ စကားတော်အားဖြင့်ဖြစ်၏။ သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော။ အမှန်ကြားရကြပြီ။ သူတို့၏အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟုငါဆို၏” (ရောမ၊ ၁ဝး၁၇-၁၈)။
၂။ BC နှင့် AD။
ခေတ်ကာလနှစ်ခုခြားနားရာတွင် BC သည် Before Christ ခရစ်တော်မတိုင်မီဟု အနက်ရပြီး၊ AD သည်ကား Anno Dominia ငါတို့သခင်ဘုရားနှစ်ဟူ၍အနက်ရပါသည်။ ထို့ကြောင့် ကယ်တင်ခြင်းတရားနှင့် စပ်ဆိုင်သောအခါတွင် ဓမ္မဟောင်းတွင် တစ်နှစ်တစ်ခါယဇ်ပူဇော်ခြင်းများအားဖြင့် အပြစ်ဖြေရာဝတ် အာပါတ် ဖြေခြင်းကို ပြုကြရပါသည်။ သို့သော်ထိုအာပါတ်ဖြေခြင်းသည် “တနည်းကား ပညာတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးတို့၏ သေချာသော ပုံသဏ္ဌာန်ကိုမပြ၊ အရိပ်ကိုသာ ပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ် ပူဇော်သော ယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအဖြစ်၌ မတည်စေ နိုင်ရာ။ တည်စေနိုင်လျှင် ဝတ်ပြုသောသူတို့သည် တစ်ခါတည်းနှင့် စင်ကြယ်ခြင်းသို့ရောက်ပြီးမှ၊ နောက်တစ်ဖန် သံဝေဂတရား ရစရာအကြောင်းအလျှဉ်းမရှိသည်ဖြစ်သောကြောင့်၊ ထိုယဇ်တို့ကို တစ်ခါတည်း ပူဇော်၍၊ နောက်တစ်ဖန် မပူဇော်ဘဲနေရကြမည်မဟုတ်လော့” (ဟေဗြဲ၊ ၁ဝး၁-၂)။
လူတို့၏ ကုသိုလ်ကောင်းမှုနှင့် ပူဇော်သက္ကာတို့သည် ဘုရားသခင်ရှေ့တော်တွင် စံနှုန်းမမီခဲ့ကြပါ။ ထို့အတွက်ကြောင့်လည်း ခရစ်တော်ဘုရားက အားလုံးကိုယ်စား အပြစ်ကြွေးယတြာကို ပေးလှူပူဇော်တော် မူခဲ့ဖြင်း ဖြစ်ပါသည်။
သမ္မာကျမ်းစာအတွင်းမှ ကနဦးဘိုးဘေးယုံကြည်သူများကိုကြည့်ပါက-
၁။ အာဗေလ၊ ၂။ ဧနောက်၊ ၃။ နောဧ၊ ၄။ အာဗြဟံ၊ ၅။ဣဇက်၊ ၆။ စာရာ၊ ၇။ယာကုပ်၊ ၈။ ယောသပ်၊ ၉။မောရှေ၊ ၁၀။ပြည့်တန်ဆာရာခပ်၊ ၁၁။ ဂိဒေါင်၊ ၁၂။ ဖာရက်၊ ၁၃။ရှံဆုန်၊ ၁၄။ ယေဖသ၊ ၁၅။ ဒါ၀ိဒ်၊ ၁၆။ ရှမွေလ၊ ၁၇။ စသော သူတို့သည်လည်း “ယုံကြည်ခြင်းအားဖြင့်” ဟူ၍ အထပ်ထပ်ပါရှိပါသောကြောင့် ဓမ္မဟောင်းနှင့် ဓမ္မသစ် ခေတ်အဆက်ဆက်တွင် အားလုံးအတွက် ဘုရားသခင်ဖွင့်ပေးထားသော ကယ်တင်ခြင်းသည်၊ “ငါလုပ်၍ ငါရသည်” ဟူသောဝါကြွားစရာအကြောင်းမရှိ ကျေးဇူးတော်သက်သက်ကြောင့်သာဖြစ်ပါသည် (ဧဖက်၊ ၂း၈-၉)။
ထို့ကြောင့်အချုပ်အားဖြင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ခေတ်ကာလနှစ်ခုလုံးတွင် လူတို့သည် အကျင့်သီလ (ဘုရားမဲ့) အားဖြင့် မည်သို့မှ တမလွန်နောင်ရေးအတွက် စိတ်အေးစရာ လမ်းစရှာ၍မတွေ့နိုင်ပါ။
၃။ ဗီဇအပြစ်နှင့်လူသားများအဖြစ်။
ဗီဇအပြစ်နှင့်ရှိသောလူသည် မည်သို့ပင် စိတ်ဆန္ဒရှိနေစေကာမူ တရားတော်အတိုင်း အလုံးစုံ ကျင့်စောင့် ခြင်းငှါ မစွမ်းသာပါ။
“ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလိုတော်ရှိလျှင်၊ လူသည် အပြစ်တစ်ထောင်တွင် တစ်ခုကိုမျှ မဖြေနိုင်” (ယောဘ၊ ၉း၂)။ ဟုဆိုထားပါသည်။
တစ်ဖန်“အကျွနု်ပ်သည် မွေးစကပင်အပြစ်ပါလျှက်ရှိပါ၏၊ အမိဝမ်းတွင် ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏” (ဆာလံ၊ ၅၁။၅)။
တစ်ဖန်“ကောင်းသောအကျင့်ကိုသိလျှက်နှင့် မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏” (ယာကုပ်၊၄း၁၇)။
တစ်ဖန်”အဘယ်သို့နည်းဟူမူကား၊ ပညာတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစ်စုံတစ်ခု၌ မှားယွင်းမိလျှင်၊ ပညာတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏” (ယာကုပ်၊ ၂း၁၀)။
တစ်ဖန်”၀ိညာဉ်နှင့်ကင်းသော ကိုယ်သည်အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏” (ယာကုပ်၊ ၂း၂၆)။
အထက်ပါ ဘုရားစကားတော်များကိုကြည့်ပါက ဗီဇနှင့်ပြည့်နှက်နေသောသူသည်၊ ပညာတ်တရားကို လည်း အကုန်အစင်မကျင့်နိုင်သလို၊ ကျင့်ကြံကြိုးကုတ်အားထုတ်နေသော်လည်း မိမိ၏အဇ္ဇျတ္တသဏ္ဌာန်တွင် အရှိ ကို အရှိအတိုင်း ကြည့်မြင်တတ်ပါက၊ လူ့သဘောအတိမ်အနက်ကို ကောင်းစွာ သဘောပေါက်မြင်လာမှာသေချာ လှပါသည်။ အကြောင်းမူကား “စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း” (ယေရမိ၊ ၁ရး၉)။ ဟုဆိုထားသည့်အတိုင်း၊ ခေတ်သုံး စကားပုံအရာ ဆိုရပါလျှင် “လူ့စိတ်သည် မျောက်စိတ်နှင့်တူ၏” ဟု စိတ်အစဉ်၏ အဖြစ်မှန်ကို ဘယ်သော အခါမှ အငြိမ်မနေတတ်သော “မျောက်”ဖြင့် တင်စားထားသည်ကို တွေ့ရပါသည်။
လောကတွင် လူ့စိတ်သည် မကောင်းမှု၌သာမွှေ့လျှော်တတ်ကြောင်း ပါဌိစကားပုံတစ်ခုရှိပါသည် ၄င်းမှာ “ပါပသမိံ ရမသိမနော” စိတ်သည် မကောင်းမှု၌သာ မွှေ့လျှော်တတ်၏ ဟုကြားနာခွင့်ရရှိဘူးပါသည်။ ထို့ကြောင့် လူသည် “အကျင့်သီလ”အတွက် စိတ်ဆန္ဒရှိသော်လည်း လုပ်နိုင်၏၊ မလုပ်နိုင်၏ကို တရားသဘောဖြင့် ကြေးမှုံပြင် တွင်မကြည့်သ၍ အဖြစ်အမှန်ကို မချွတ်ဧကန်သိနိုင်မည်မဟုတ်ပါ။
၄။ အရင်းစစ်အမြစ်ပေါ်။
ပညာတ်တရား၊ အကျင့်သီလ၊ ဒါနဘဝနာ စသည် စသည်တို့ဖြင့် တမလွန်အတွက် စိတ်ချမှုကို မပေးစွမ်း နိုင်ကြောင်း လူတို့သိကြသော်လည်း လက်မလျှော့လိုကြပါ။ အကြောင်းမှာ မိမိဘဝအမှန်ကို ဝန်မခံလိုခြင်းနှင့် မာန အညွှန့်ကို အချိုးမခံလိုခြင်းကြောင့်သာဖြစ်ပါသည်။
ယနေ့လူတစ်ဦးသည် လူနှင့်လူအချင်းချင်း အကြားသော်လည်းကောင်း၊ ဘုရားနှင့်လူ တစ်ဦးချင်းအကြား တွင်သော်လည်းကောင်း “ညိုသေညွတ်ကျိုးခြင်း၊ မာန်ခဝါချခြင်း” သည်မရှိမဖြစ်အမှန်လိုအပ်သောအရာပင်ဖြစ် ပါသည်။
လူတစ်ဦးချင်း၏ နာမ်သက်ဝိညာဉ်သည် ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးထိုက်တန်ပါသည်။ “မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်။ ရွေးရန်အဘိုးကို ဘုရားသခင်၌ မပေးနိုင်။ သူတို့အသက် ၀ိညာဉ်၏ ရွေးရန်အဘိုးကြီးလှပေ၏။ သို့ဖြစ်၍ အစဉ်ရှုံးလျှက်နေရမည်။ ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏။ ပုပ်စပ်ခြင်းသို့ မရောက်ရာ” (ဆာလံ၊ ၄၉းရ-၉)။
ထို့ကြောင့်လူသားတို့သည် “တစ်ပဲသောကုသိုလ်”ဖြင့် တမလွန်နောင်ရေးကို ဘုရားသခင့်ရှေ့တော်တွင် အဘယ်သို့ အပေးအယူလုပ်နိုင်ပါအ့ံနည်း။ သို့တိုင်အောင် လူတို့သည် အတတ်နိုင်ဆုံး အဖြစ်နိုင်ဆုံးနည်းဖြင့် “ဘုရား” ကိုအသက်တာမှ ဖယ်ရှားရန် ခေတ်အဆက်ဆက် အာဒံနှင့် ဧဝမှသည် ယနေ့ခေတ်တိုင်အောင် လောက၏ ဘုရားတည်းဟူသော စာတန်မာရ်နတ်သည် ကြိုးပမ်းလုပ်ဆောင်၊ ဆည်းရုံးသိမ်းသွင်းနေစဲပင်ဖြစ် သည်။
ထို့ကြောင့် အများသောသူတို့အသက်တာတွင် မဖြစ်နိုင်မှန်းသိပါလျှက်နှင့် “အကျင့်သီလ၊ ဒါန၊ ဘဝနာ” တို့ကို ဘုရားနေရာအစားထိုးလျှက် ရုန်းကန်နေကြရခြင်းမှာ ယနေ့ခေတ်အတွက် ထူးဆန်းသောအမှုကိစ္စမဟုတ်။
၅။ ဘုရားဖက်၍အသက်ရှည်နိုင်ကြပါစေ။
သို့သော်လည်း ဘုရားသခင်သည် မေတ္တာရှင်ဖြစ်သည့်အားလျှော်စွာ အပြစ်သားများဖြစ်ကြသော လောကီသားများအတွက် တရားသောနည်းဖြင့် အသက်လမ်းတံခါးကို ဖွင့်ပေးတော် မူခဲ့ပါသည်။
“ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏” (ရောမ၊ ၅း၆)။
တဖန် “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏” (ရောမ၊ ၅း၈)။
တဖန် “အကြောင်းမူကား ရန်သူဖြစ်လျှက်ပင်၊ ဘုရားသခင်၏ သားတော်အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟု သာ၍မြော်လင့်စရာရှိ၏” (ရောမ၊ ၅း၁၀)။
ထို့ကြောင့်ယနေ့ “ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ” အချိန်ကလေးမှာ ယခုဘဝ နောင်တမလွန်ဘဝအတွက် စိတ်ချမှုအာမခံချက်ပေးနေတော်မူသော ခရစ်တော်ဘုရားကို သာ၍သက်ဝင်ယုံကြည်၊ သဒ္ဓါဦးညွတ်ချီလျှက် ဘဝအရေးစိတ်အေးနိုင်ကြပါစေ။
နာမတော်မြတ်၌
ဆယ်မြူရယ်စိုးလွင်
ဆယ်မြူရယ်စိုးလွင်
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...