အချိန်ကား လကွယ်ည။
နေရာက မြန်မာခရစ်ယာန် မျက်မမြင် မိတ်သဟာယကျောင်း၏ ပရဝုဏ်အတွင်း။
အေးမြလှသည့် ညခင်းကလေးမှာ သူကောင်းစွာ အိပ်မပျော်နိုင်သည့်အားလျှော်စွာ၊ လာရောက်ကာ တည်းခိုနေရသည် အိမ်ရှင် သူငယ်ချင်းကိုပင် အားမနာနိုင်အားပဲ လမ်းထွက်လျှောက်လိုကြောင်းပြောတော့ သူငယ်ချင်း သာအေးက အသာတကြည်ပင် ခွင့်ပြုကာ ဝတ်ပြုဆောင်ဘေးရှိ လူသွားလမ်းမပေါ်သို့ ဆင်းကာလျှောက်ဖြစ်ကြလေသည်။
အမှောင်ထု၏ ကြီးစိုးမှုအောက်တွင် ခဝဲခြံသည် ပကတိတိတ်ဆိတ်ငြိပ်သက်လျှက်ရှိနေသည်။ တစ်ဦးနှင့်တစ်ဦးပင် ကောင်းစွာမမြင်နိုင်သည့် အတွက် အားကုန်လုလုဖြစ်နေသော တရုတ်ထုတ် လျှပ်စစ် ဓါတ်မီးကလေးဖြင့် မှိန်ပြပြ မီးရောင်ကလေးကို အဖေါ်ပြုကာ သာအေးနှင့်သူ ထွေရာလေးပါး စကားတပြောပြောဖြင့် လမ်းလျှောက်နေကြခြင်းပင်ဖြစ်သည်။
`` သြော် …. ကျပ်တို့ပဲ အိပ်မပျော်ဘူးထင်နေတာ ဟိုမှာလည်း အဖေါ်ရှိနေသေးသားပဲ´´
``ဘယ်သူလဲ… ဘယ်မှာလဲဗျ´´
သူငယ်ချင်း သာအေး၏ စကားကို တစ်ဆက်တည်းပင် သူမေးကာ ဘေးဘီးဝဲယာကို ကြည့်လိုက်တော့ တွေ့ရန်မခက်လှပါ၊ အကြောင်းကား ညဉ့်နက်နက်တွင် မှောင်ရိပ်များ ကြီးစိုးနေသော ရပ်ဝန်း၌ ဝင်းလက်သွားသည့် မီးအလင်းရောင်က ဆေးခန်းရှိရာ ဂိတ်အနီးအိမ်မှဖြစ်ပြီး၊ မိမိတို့ လမ်းလျှောက်နေရာသို့ ဦးတည်၍ လာနေသည်ကို အတိုင်းသားတွေ့နေရခြင်းပင်မဟုတ်ပါလား။
တဖြည်းဖြည်းနှင့် မီးရောင်က နီးလာသည်နှင့်အမျှ အရွယ်က လူလတ်ပိုင်းဖြစ်ကြောင်း မပီမပြင် ၀ိုးတဝါးဖြင့် ခန့်မှန်းမြင်နေရသည်။ ထိုအခိုက်တွင်…..
``ဘယ်သူများလဲဟေ ´´
`` ကျွန်တော် ဇော်ဝင်းနိုင်ပါ ဦးလေးသာအေး´´
သူငယ်ချင်း သာအေး၏ အမေးစကားကို တဖက်မှ မီးရောင်ရှင်က ပြန်ထူးသံသည် တည်ကြည်လေးနက်ပြီး သီလ၊ သမာဓိ ရှိသော အသံသြဇာကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သူနားလည်လိုက်သည်။
`` သြော်… ဒါနှင့် ညကြီးမင်းကြီး မင့်မလဲ ဘာကိစ္စလည်းငါ့တူရာ´´
`` ဒေါ်လေး မိရဲ့သမီးလေးနေမကောင်းဘူးကြားလို့ သွားကြည့်မလို့ပါ၊ သူကလေးက ကျန်းမာရေးမကောင်းရှာတော့ စိတ်အားကလည်း ငယ်တတ်တယ်လေ၊ ဒါ့ကြောင့် သွားကြည့်ရင်း အားပေးမလို့ပါ ဦးလေး´´
``အေးကွာ… သတိလည်းထားပြီးသွားဦးနော် ညကြီးမင်းကြီး လဲနေပါဦးမယ် ငါ့တူရာ´´
`` သတိပေးတဲ့အတွက် ကျေးဇူးပါပဲဗျာ …စိတ်ချပါ ဦးလေး ဒီလမ်းတွေကတော့ ကျင့်သားရနေပါပြီ´´
သူတို့နှစ်ဦးရဲ့ အပြန်ပြန် အလှန်လှန် ပြောလိုက်မေးလိုက်နှင့် ဆိုနေသော စကားစမြည်းပုံစံက နားထောင်နေရသူ မိမိသည်ပင် အမေ့ရှေ့မှောက်ပြန်ရောက် သွားရသလို ရင်တွင်းမှာ ကြည်နူးအေးမြခြင်း အတိုင်းမသိခံစားရသည်။
လူစုခွဲလိုက်ပြီးနောက်တွင်ကား….
`နွေဦးရေ သည်သူငယ်က ရိုးသားကြိုးစားပြီး၊ ဘုရားတရားကိုလည်း အရာရာမှာ ဦးထိပ်ထားတဲ့ သူငယ်လေးကွဲ့၊ အကြောင်းမလှတော့ သူငယ်ချင်းတွေနှင့် ကစားရင်း မျက်စိနှစ်လုံး အလင်းကွယ်သွားရပေမဲ့၊ ဘုရားအတွက် အများအတွက် သူ့ရဲ့ဘဝကို သည်မှာပဲ အပ်နှပ်ထားတာကွဲ့ တကယ့်ဂုဏ်ယူစရာ အတုယူစရာ ကောင်းတဲ့ နိုင်ငံ့သားကောင်း ရတနာလေးပါကွယ်´´
``ဗျာ….. ဒါ….ဒါ ဖြင့် သူက မျက်မမြင်လေးပေါ့´´
ပြောပြနေသော သူငယ်ချင်း သာအေး၏ စကားကို သူနားမရှင်းသလို၊ မြင်လိုက်ရသော မြင်ကွင်းကြောင့်လည်း အမြင်လည်း မရှင်းခဲ့ပါသောကြောင့် `မေးပါများ စကားရ´ ဆိုသောစကားပုံ အတိုင်း သူသိချင်သောစိတ်ကို မချုပ်တည်းတော့ပဲမေးလိုက်ရန် ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်သည်။
``ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနှင့်လား ဆိုသလိုကွာ နွေဦးရယ်´´
``ဒါဖြင့် ဘာ့ကြောင့် သူက အားအင်အပြည့်ရှိတဲ့ လေးထောင့်ထိုး ဓါတ်မီးကြီးက ဘယ့်အတွက်လည်း၊ သူ့အတွက် ဘာအကျိုးရှိမှာလည်း´´
ကျွန်တော့်ရဲ့ မဆုံးနိုင်သော မေးခွန်းများနှင့် မရှင်းလင်းသော ပဟေဠိများကို တစ်ခွန်းတည်းသော စကားဖြင့် ဆိုလိုက်သည်ကား……
`` သူ့အတွက်ကတော့ နေ့နေ့ညည မထူးဘူးလေ သွားနိုင်တာပါပဲ ငွေကုန်ကြေးကျခံပြီး သူသုံးစွဲနေတာက သူ့အတွက်မဟုတ်ပါဘူး၊ သူရဲ့ပါတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေအတွက် လမ်းကို ကောင်းစွာမြင်နိုင်ဘို့ ပေါ့ကွာ……….. နောက်ပြီး တို့လိုမြင်နေရပေမဲ့ မမြင်တတ်တဲ့ ( ကြောင်တောင်ကန်း) တွေအတွက် အလင်းပေးရင်း အများအကျိုးဆောင် ကိုယ်ကျိုးအောင်ဆိုသလို သူ့အတွက်လည်း ကာကွယ်ပြီးသာဖြစ်သွားတာပေါ့ ´´
ထိုညက ကျုပ် ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ပေမဲ့…. ဘဝကိုတော့ ကျုပ်ဖေါ်ထုတ်နိုင်ခဲ့ပါတယ်…..
နာမတော်မြတ်၌
Samuel Soe Lwin
Samuel Soe Lwin
No comments:
Post a Comment
စာဖတ်သူအမြင်နှင့် အကြံပြုချက်များကို မြော်လင့်ကြိုဆိုပါသည်...